ကိုယ်ဝန်ရှိနေလို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဂျနက်ဂျက်ခ်ဆင်က ရွှေ့ဆိုင်းလိုက်တာလား

ကိုယ်ဝန်ရှိနေလို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဂျနက်ဂျက်ခ်ဆင်က ရွှေ့ဆိုင်းလိုက်တာလား

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၈ ။              ။ မိသားစုအတွင်း အပြောင်းအလဲတစ်ခု ဖြစ်တော့မှာကြောင့် မူလစီစဉ်ထားသည့် “Unbreakable” ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို ရွှေ့ဆိုင်းမည်ဟု ဂျနက်ဂျက်ဆင်က ဧပြီ ၆ ရက်က ကြေညာလိုက်ရာ သူမတွင် ကိုယ်ဝန်လွယ်ထားရပြီလားဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ် လာခဲ့သည်။

ဗြိတိန်နှင့် ဥရောပတွင် ဖျော်ဖြေပွဲများ ပြုလုပ်ပြီးနောက် တစ်လအကြာတွင် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းကြောင့် ယခုနှစ်နွေရာသီတွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့တွင် ထပ်မံပြုလုပ်မည့် ဖျော်ဖြေပွဲ ၅၅ ပွဲအပေါ် အကျိူးသက်ရောက်မှု ရှိမည်ဖြစ်သည်။

“ဒါဟာ ကျွန်မတို့ရဲ့ ဒုတိယအကြိမ် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ ရုတ်တရက် ပြောင်းလဲ မှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ဟာ မိသားစု အစီစဉ်ကို ရေးဆွဲနေတယ်။ ဒါကြောင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းဖို့ လုပ်ခဲ့တာပါ။ ယခုလိုအချိန်မှာ ကျွန်မ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်း တာကို ပရိတ်သတ်တွေက ကျေးဇူးပြုပြီး နားလည်ပေးပါ။ ဆရာဝန်က အနားယူဖို့ ပြောကြားထားပါ တယ်” ဟု ဂျက်ဆင်က ၎င်း၏ တွစ်တာအကောင့်တွင် တင်ထားသော ဗီဒီယိုဖိုင်မှတစ်ဆင့် ပြောကြားခဲ့သည်။

ဂျက်ဆင်သည် ကိုယ်ဝန်ရှိရန် မျှော်မှန်းထားကြောင်း ၎င်း၏ ကိုယ်စားလှယ်များက ပြောကြား ခဲ့သော်လည်း ထင်မြင်ချက်ပြောကြားပေးရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ပြောကြားခြင်း မရှိပေ။

ဂျက်ဆင်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ခွဲစိတ်မှုကြောင့် “Unbreakable” ကမ္ဘာလှည့် ဖျော်ဖြေပွဲ၏ အမေရိကန်ဖျော်ဖြေရေး ခရီးစဉ်ရက်များကို ရွှေ့ဆိုင်းခဲ့ပြီးနောက် တစ်လအကြာတွင် သူမတွင် ကင်ဆာရောဂါရှိနေသည်ဟူသော ကောလဟာလသတင်းများကို မဟုတ်ကြောင်း ငြင်းဆို ခဲ့သည်။

ဂျက်ဆင်သည် ၎င်း၏ တတိယခင်ပွန်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဝစ်မန်အယ်မာနာနှင့် ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

“ကျွန်မ ပရိတ်သတ်တွေကို မေ့မသွားပါဘူး။ “Unbreakable” ဖျော်ဖြေပွဲကို မကြာမီ ဆက်လက် လုပ်ဆောင်သွားမှာပါ။ အကသမားများ၊ တေးဂီတအဖွဲ့များ၊ အဖွဲ့သားများနဲ့ ပရိတ် သတ်တွေကို ကျွန်မ ကျေးဇူးတင်ပါတယ်” ဟု ဂျက်ဆင်က ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly