ထိုင်းတော်ဝင်မိသားစုကို လှောင်ပြောင်သည့် Line စတစ်ကာနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

ထိုင်းတော်ဝင်မိသားစုကို လှောင်ပြောင်သည့် Line စတစ်ကာနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

ဘန်ကောက်၊ ဧပြီ၊ ၇ ။         ။ ဂျပန်နိုင်ငံအခြေစိုက် အင်တာနက်အခြေပြုဆက်သွယ်ရေးဝန်ဆောင်မှု Line ၏ စာတိုပို့ရာတွင်သုံးနိုင်သည့် စတစ်ကာများ ထဲမှ ထိုင်းတော်ဝင်မိသားစုကို   လှောင်ပြောင်ရာရောက်သည့် စတစ်ကာများနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျှက်ရှိသည်။

ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုများကို သရော်စော်ကားမှုများနှင့် ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်တားမြစ်ထားသလို ချိုးဖောက်ပါကလည်း ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူလေ့ရှိသည်။

'' ဒီစတစ်ကာတွေ ဘယ်ကလာတယ်၊ ဘယ်သူလုပ်တယ်ဆိုတာ ကျွန်တော်တို့ စုံစမ်းနေပါတယ် '' ဟု ထိုင်းရဲတပ်ဖွဲ့၏ နည်းပညာဆိုင်ရာမှုခင်းစုံစမ်းစစ်ဆေးရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက   ပြောကြားသည်။

မြန်မာ နှင့် ထိုင်း အပါအဝင်အာရှနိုင်ငံများ၏ လူသုံးများသော လူမှုကွန်ယက်ပလက်ဖောင်းတစ်ခုဖြစ်သည့် Line ဘက်မှတာဝန်ရှိသူများကမူ ထိုင်းတော်ဝင်မိသားစုကို လှောင်ပြောင်ထားသည့် ကာတွန်းစတစ်ကာများကို ရောင်းချမှု ပိတ်ပင်လိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူများကိုလည်း တောင်းပန်ခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောသည် လက်ရှိအချိန်တွင် သက်တော် ၈၈ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ မေလကတည်း ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူရလျှက်ရှိကာ သူ၏ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိုင်းပြည်သူများက စိုးရိမ်ပူပန်လျှက်ရှိသည်။

သို့ရာတွင် ထိုင်းဘုရင်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး အာဏာပိုင်များက တင်းတင်းကျပ်ကျပ်ထိန်းချုပ် ထားသည်။

တော်ဝင်မိသားစုကို စော်ကားလှောင်ပြောင်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ထိုင်းနိုင်ငံဥပဒေတွင် ပြဌာန်းထားပြီး ယခင်က ပြင်းပြင်းထန်ထန်အရေးယူခဲ့သည့် မှတ်တမ်းများလည်းရှိသည်။

Line သည် ၎င်း၏သုံးစွဲသူများကို ကိုယ်ပိုင်စတစ်ကာများ ဖန်တီးခွင့်၊ရောင်းချခွင့်ပေးထားပြီး သုံးစွဲသူအများအပြားမှာ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်စကားပြောရာတွင် စတစ်ကာများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags