မန်ယူမှ ခေါ်ယူလိုနေသည့် ဂန်ဒိုဂန် ဒေ့ါတ်မွန်နှင့်စာချုပ်သစ်ချုပ်ဆို

မန်ယူမှ ခေါ်ယူလိုနေသည့် ဂန်ဒိုဂန် ဒေ့ါတ်မွန်နှင့်စာချုပ်သစ်ချုပ်ဆို
ဒေါ့တ်မွန်အသင်း၏ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် တွေ့ရသည့် ဂန်ဒိုဂန်(လယ်)။

ဒေါ့တ်မွန်၊ ဇူလိုင် ၂။ ။ မန်ယူအသင်းမှ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားများထဲမှ တစ်ဦးအပါအဝင်ဖြစ်သော ဂျာမနီကွင်းလယ်ကစားသမား ဂန်ဒိုဂန်သည် ဒေါ့တ်မွန်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီပြီးဆုံးချိန်က ဂန်ဒိုဂန်သည် မန်ယူသို့ ပြောင်းရွှေ့တော့မည် ဆိုသည့် သတင်းများနှင့် ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သော်လည်း ဒေါ့တ်မွန်အသင်းသည် ၎င်းတို့၏ အဓိက ကွင်းလယ်ကစားသမားကို ဆက်လက်ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဂန်ဒိုဂန်သည် ၂၀၁၇ ခုနှစ်အထိ ဒေါ့တ်မွန်နှင့် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။

ဒေါ့တ်မွန်နှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် ဂန်ဒိုဂန်က 'အသင်းနဲ့ ရာသီသစ်အတွက် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နည်းပြတွေ အသင်းဖော်တွေနဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်စရာကောင်းပါတယ်။ နောက်ဆုံး ဒေါ့တ်မွန်အသင်းမှာ ဆက်ကစားဖို့ သေချာသွားတာက တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ အခုတော့ လာမယ့် ရာသီသစ်အတွက် အာရုံအပြည့်အဝစိုက်ထားပါတယ်' ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly