NLD နှင့် မြန်မာစစ်တပ် ထိပ်တိုက်တွေ့ပြန်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း

NLD နှင့် မြန်မာစစ်တပ် ထိပ်တိုက်တွေ့ပြန်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း

အစိုးရအဖွဲ့အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ထိပ်တန်းနေရာ ရယူနိုင်မည့် ရာထူးနေရာသစ် ဖန်တီးမှုကို မြန်မာစစ်တပ်က ကန့်ကွက်လိုက်သည်။

အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် တားမြစ်ခံထားရသော်လည်း သူယုံကြည်စိတ်ချရသူ တစ်ဦးထံမှတဆင့် တိုင်းပြည်ကို ဦးဆောင်သွားမည်ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်တွင် ဒေါ်အောင်ဆန်း စုကြည်က ကတိပြုထားပြီး ဖြစ်သည်။

ထို့ကြောင့် အစိုးရအဖွဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားဝင် သြဇာလွှမ်းမိုးနိုင်မည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့သည့် အပတ်က လွှတ်တော်တွင် တင်သွင်းခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

အကယ်၍ လွှတ်တော်အမတ် ၁၀ ရာခိုင်နှုန်းက အဆိုပါဥပဒေကြမ်းကို အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ကန့်ကွက်ခဲ့မည်ဆိုပါက အခြေခံဥပဒေအရ အဆိုပါ ဥပဒေကြမ်းကို အခြေခံဥပဒေခုံရုံးသို့ တင်သွင်းပြီး ဆုံးဖြတ်မှု ခံယူရမည်ဖြစ်သည်။

အခြေခံဥပဒေခုံရုံးကို ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးချယ် ခန့်အပ်ထားသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အခြေခံဥပဒေကို စစ်တပ်က စောင့်ရှောက်ရန် တာဝန်ရှိသည်ဟုလည်း  အခြေခံဥပဒေတွင် ဖော်ပြထားသေးရာ အခြေခံဥပဒေနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို မည်သူက နောက်ဆုံးပိတ် ချမှတ်နိုင်သည် ဆိုသည့်အချက်မှာ မရေမရာ ဖြစ်လျက်ရှိပြီး ပဋိပက္ခနှင့် အငြင်းပွားစရာ ဖြစ်အောင် ဖန်တီးထားသကဲ့သို့ ဖြစ်လျက်ရှိသည်။

လွှတ်တော်အတွင်းတွင် အခြေခံဥပဒေပြင်ဆင်ခွင့်ကို တားဆီးနိုင်လောက်သည့် အမတ်နေရာကို ရယူထားသည့် မြန်မာစစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတင်သွင်းမှုကို ဥပဒေနှင့်မညီဟုလည်း ပြောကြားထားသည်။

သို့သော် ယင်းဥပဒေကြမ်းကို ပြီးခဲ့သည့် သောကြာနေ့က အမျိုးသားလွှတ်တော်တွင် ထောက်ခံမဲ ၁၃၇ ၊ ကန့်ကွက်မဲ ၇၀ ၊ မဲမပေးသူ ၂ တို့နှင့် အတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်တွင်လည်း ထိုမျှလောက်သော ကွာခြားချက်ဖြင့်ပင် အတည်ပြုသွားရန် ရှိနေသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ပါတီစုံ ဒီမိုကရေစီစနစ်ဆီသို့ ချောချောမွေ့မွေ့ကူးပြောင်း ရောက်ရှိစေရန် ကူညီနိုင်လိမ့်မည်ဟု ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဤနည်းလမ်းသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အခြေခံဥပဒေဆိုင်ရာ အတားအဆီးများကို ကျော်ဖြတ်ပြီး သူမ ဦးဆောင်ရန် လိုအပ်နေသည့် ကဏ္ဍအသီးသီးတွင် တရားဝင် ဦးဆောင်ခွင့် ရရှိစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားထားသည်။

အခြေခံဥပဒေအရ သမ္မတသည် တိုင်းပြည်၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအပေါ် သြဇာလွှမ်းမိုးပြီး ညွှန်ကြားမည်ဆိုပါက ဥပဒေနှင့်မညီဟု ထောက်ပြဝေဖန်စရာ ဖြစ်လာမည် ဖြစ်သည်။

''NLD အနေနဲ့ အစိုးရအဖွဲ့ လည်ပတ်မှုလုပ်ငန်းတွေကို အရင်ဦးစားပေး ဆောင်ရွက်ပြီးတော့ နောက်ပိုင်း စစ်တပ်နဲ့ယုံကြည်မှု တည်ဆောက်နိုင်ပြီဆိုတဲ့ အချိန်ကျမှ ကစားပွဲ စည်းမျဉ်းတွေကို ပြောင်းလဲနိုင်မယ့် တခြားအဆင့်တွေကို ဆက်လက် လုပ်ဆောင်ဖို့ စဉ်းစားသင့်ပါတယ်''ဟု မြန်မာ့နိုင်ငံရေး အထူးပြုလေ့လာသူ ရိုမိန်းကေးလော့က မှတ်ချက်ပေး ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းက ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပေါ် ထိန်းချုပ်နိုင်ရန် NLD က ကြိုးပမ်းမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပါဝင်မည့် အခန်းကဏ္ဍတို့နှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု စစ်တပ်က သတိပေးထားသည်။

'' အစိုးရတစ်ရပ် ဖွဲ့စည်းရာမှာ အပြန်အလှန် ထိန်းကျောင်းမှု မရှိရင်၊ ဒါမှမဟုတ် ပွင့်လင်း မြင်သာမှု မရှိရင် ကျွန်တော်တို့က ဒါကို ထောက်ပြပြီး သတိပြုမိလာအောင် လုပ်ရမယ်လို့ မြင်ပါတယ်''ဟု စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်မှုရှိသည့် အငြိမ်းစား စစ်ဗိုလ်ချုပ်တစ်ဦးက ပြောကြားသည်။

စစ်တပ်အနေနှင့် ထိုအချက်များ အားလုံးကို အတူတကွ ထည့်သွင်းစဉ်းစားပြီး မည်ကဲ့သို့ တုန့်ပြန်ရမည်ဆိုသည်ကို ဆုံးဖြတ်သွားမည်ဟုလည်း အဆိုပါ အငြိမ်းစား ဗိုလ်ချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

(Wall Street Journal တွင် ဖော်ပြထားသည့် Myanmar Military Resists Suu Kyi’s Bid for Greater Power ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly