နေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ ပွဲစဉ်များ ဇူလိုင် ၃ ရက်နေ့တွင် ဆက်ကစားမည်

နေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ ပွဲစဉ်များ ဇူလိုင် ၃ ရက်နေ့တွင် ဆက်ကစားမည်
လိဂ်-၂ ပွဲစဉ်တစ်ပွဲဖြစ်သော ဆောက်သမ်းနှင့် GFA တို့ ကစားစဉ်။ (ဓာတ်ပုံ - သောကြာ)

ရန်ကုန်၊ ဇူလိုင်။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ ပွဲစဉ်များကို ဇွန် ၃ ရက်တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာကွင်းနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကွင်းတို့၌ ဆက်လက်ကစားမည်ဖြစ်သည်။

ပွဲစဉ် ၁၁ ပွဲစဉ်များကို ဇွန် ၃ ၊ ၄၊ ၅ ရက်များတွင် ကစားမည်ဖြစ်ပြီး ဇွန် ၃ ရက် ပဒုမ္မာကွင်းတွင် GFA အသင်းနှင့် ဖုန်ဂန် အသင်း၊ စလင်းကွင်းတွင် ဆောက်သမ်းအသင်းနှင့် တက္ကသိုလ်လက်ရွေးစင်အသင်း၊ ဇွန် ၄ ရက် ပဒုမ္မာကွင်းတွင် မောရဝတီ အသင်းနှင့် မြဝတီအသင်း၊ စလင်းကွင်းတွင် ငွေကြယ်ပွင့်အသင်းနှင့် Best United အသင်း၊ ဇွန် ၅ ရက် ပဒုမ္မာကွင်းတွင် Horizon အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ ကစားကြမည်ဖြစ်သည်။

ပွဲစဉ် ၁၀ ပွဲစီ ကစားပြီးချိန်တွင် ဆောက်သမ်းအသင်းက ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး GFA အသင်းက ရမှတ် ၂၀ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည် နေသည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ နေရာများတွင် Horizon အသင်းနှင့် မောရဝတီအသင်းတို့က ရမှတ် ၁၉ မှတ်စီ ဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် ဒဂုံအက်ဖ်စီအသင်းက ၁၆ မှတ်ဖြင့် ရပ်တည်နေသည်။ ၂၀၁၅ နေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲအပြီးတွင် အမှတ်ပေးဇယား အဆင့် ၁ နှင့် အဆင့် ၂ ရရှိသော အသင်းများမှာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၁ သို့ တန်းတက်ကစားခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly