မလေးရှားတွင် အသီးအရွက်စျေးနှုန်းများ တရှိန်ထိုးမြင့်တက်

မလေးရှားတွင် အသီးအရွက်စျေးနှုန်းများ တရှိန်ထိုးမြင့်တက်

ကွာလာလမ်ပူ၊ ဧပြီ၊ ၅ ။              ။ မလေးရှားနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုဒဏ်ခံစားနေရပြီး အသီးအရွက်အထွက်နှုန်းကျဆင်းကာ ဈေးနှုန်းများ တရှိန်ထိုးမြင့်တက်လျှက်ရှိသည်ဟု မြို့တော်ကွာလာလမ်ပူရှိ အသီးအရွက်ရောင်းချသူများက ပြောကြားသည်။

ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ် စသည့် ဟင်းသီးဟင်းရွက်တို့၏ ဈေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းနှင့်အထက်မြင့်တက် လျှက်ရှိပြီး ထိုသို့မြင့်တက်သွားရသည့် အကြောင်းရင်းများထဲတွင် လက်တလောရင်ဆိုင်နေရသည့်အပူလှိုင်းကလည်း အချက်တစ်ချက်အနေဖြင့်ပါဝင်နေကြောင်း ဈေးသည်များက ပြောကြားသည်။

'' ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း မဟုတ်ဘဲ ၅၀ ရာခိုင်နှုန်းအထိ ဈေးတက်သွားတာတွေတောင် ရှိပါတယ်။ နောက် ၂ လ၊ ၃ လ ထိ ဒီလိုဆက်ပူနေမယ်ဆိုရင်တော့ အခြေအနေတော်တော်ဆိုးသွားမှာပါ '' ဟု အသီးအရွက်သည်တစ်ဦးက ပြောကြားသည်။

အပူချိန်မြင့်တက်မှုကြောင့် အသီးအရွက်များသာမက သစ်သီးများ၏ အရည်အသွေးပါကျဆင်းသွားကြောင်းလည်း အချို့ဈေးသည်များက ပြောကြားသည်။

'' တစ်ချို့ အသီးအရွက်တွေဆိုရင် ခြောက်သယောင်းနေတာပဲ။ ဒါပေမဲ့ စားဖို့လိုနေတော့ ကျွန်မတို့ ဝယ်ရတာပဲ။ အဲလိုမှ မဝယ်ရင်လည်း ဘာသွားစားမလဲ '' ဟု ဈေးဝယ်နေသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လက်ရှိရင်ဆိုင်ခံစားနေရသော ရေပြတ်လပ်မှုကို သက်သာစေမည့် အစီအမံများလုပ်ဆောင်ခြင်းဖြင့် အစိုးရကကူညီ ဖြေရှင်းပေးလိမ့်မည်ဟု တောင်သူလယ်သမားများနှင့် ကုန်သည်များက မျှော်လင့် လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly