တရုတ်တွင် ကလေးနို့မှုန့် အတုလုပ်မှုဖြင့် လူ ၆ ဦးကို ဖမ်းဆီး

တရုတ်တွင် ကလေးနို့မှုန့် အတုလုပ်မှုဖြင့် လူ ၆ ဦးကို ဖမ်းဆီး

ရှန်ဟိုင်း၊ ဧပြီ၊ ၅ ။              ။ Similac အမှတ်တံဆိပ် ကမ္ဘာကျော် အမေရိကန်ကလေးနို့မှုန့်ကို အတုပြုလုပ်ရောင်းချမှုဖြင့် လူ ၆ ဦးကို တရုတ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ယခုဖမ်းဆီးလိုက်သူများသည် Similac အမှတ်တံဆိပ်ကလေးနို့မှုန့်အတုများကို ပြည်နယ် ၇ ခုတွင်ဖြန့်ချီရောင်းချခဲ့ သည်ဟု ရှန်ဟိုင်းပြည်နယ်အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက Similac တံဆိပ်ကုန်ပစ္စည်းအတုများကိုဈေးကွက်အတွင်းတွေ့ရှိရပြီး နှစ်ကုန်တွင် ခြေရာခံသိမ်းဆည်းမိခဲ့ဖူးသည်ဟု Similac ၏အကြီးအကဲ အက်ဘော့က သူ၏တရားဝင်တရုတ်ဘလော့တစ်ခုတွင် ယနေ့ ရေးသားထားသည်။

၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံတွင် ကလေးနို့မှုန့်အတုများကြောင့် ကလေးငယ်အချို့သေဆုံးခဲ့ရကာ ထောင်နှင့်ချီပြီး ကျန်းမာရေးထိခိုက်ခဲ့မှု ဖြစ်ပွားခဲ့ဖူးသည်။

ထိုသို့ဖြစ်ပွားပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံရှိ ကလေးမိဘများသည် နိုင်ငံခြားအမှတ်တံဆိပ်ကလေးနို့မှုန့်များကိုသာ အဓိကထားရွေးချယ်အသုံးပြုလာခဲ့ကြသည်။

အင်တာနက်မှတဆင့် ကလေးနို့မှုန့်အတုရောင်းချမှုများကိုလည်း ခြေရာခံစုံစမ်းလျှက်ရှိသည်ဟု ရှန်ဟိုင်းအစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှုဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

ယခုကလေးနို့မှုန့်အတုပြုလုပ်သည့်အဖွဲ့သည် နို့မှုန့်အတုဗူးပေါင်း ၁၇၀၀၀ ခန့်ပြုလုပ်ရောင်းချခဲ့ကြပြီး ယွမ်ငွေ ၂ သန်းနီးပါး ရရှိသွားခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရသိရသည်။

သို့သော် ယခုတစ်ကြိမ်ဖမ်းဆီးမိသည့်နို့မှုန့်အတုများသည် ကလေးငယ်များကို အန္တရာယ်ဖြစ်စေမည့်အရာများပါဝင်ခြင်း မရှိ ကြောင်း အာဏာပိုင်များကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်လအတွင်းက တရုတ်အာဏာပိုင်များသည် အမဲသားခြောက်အတုပြုလုပ်ရောင်းချမှုဖြင့် လူ ၁၀ ဦးကို ထောင်ဒဏ် ၁၅ နှစ်အထိပြစ်ဒဏ်များချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags