ဒီမိုကရေစီစနစ်တွင် ပြည်သူက တင်မြှောက်ခြင်းမရှိသည့် အမတ်များ ပါဝင်လေ့မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒီမိုကရေစီစနစ်တွင် ပြည်သူက တင်မြှောက်ခြင်းမရှိသည့် အမတ်များ ပါဝင်လေ့မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်၊ ဇူလိုင် ၁။       ။ ဒီမိုကရေစီစနစ်တွင် ပြည်သူလုထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိသော အမတ်များ လွှတ်တော်တွင် ပါဝင်လေ့မရှိဟု တပ်မတော်သား လွှတ်တော်အမတ်များကို ရည်ညွှန်းကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင် ၂၅ရာခိုင်နှုန်းနေရာယူထားသော တပ်မတော် သားအမတ်တို့ နုတ်ထွက်ရေး တ.က.သ ကျောင်းသားများ ဦးဆောင်ဆန္ဒပြမှုအပေါ် သတင်းထောက်များမေးမြန်းစဉ် ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
 
“ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့မရှိပါဘူး။ အဲ့ဒီဟာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားပြီးသားပါ။ အမျိုးသားရင့်ကြား စေ့ရေးကိုဦးတည်ပြီးတော့ ဒါဟာတစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ညှိနှိုင်းပြီးတော့ လျော့သွားသင့်တဲ့ကိစ္စ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်နှင့် တပ်မတော်သားလွှတ်တော်အမတ်များ နုတ်ထွက်ရန် တ.က.သ ကျောင်းသားများ ဦးဆာင်ပြီး ရန်ကုန်မြို့တွင် ဇွန် ၃၀က တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
 
ကျောင်းသားများဆန္ဒပြမှုအပေါ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ဘာမဆို ဥပဒေဘောင်အတွင်းက လုပ်စေချင်တယ်။ ဒါပေမယ့် ဥပဒေတွေကလည်း တရားရမှာပေါ့နော်။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားတဲ့ဥပဒေစိုးမိုးရေးကို ဆိုလိုတာပါ” ဟု မှတ်ချက်ပြုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ အလိုမရှိကြောင်း ဇွန် ၃၀ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြသည့် ကျောင်းသားများအနက် ဦးဆောင်သူ ငါးဦးကို ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly