ထားဝယ်တွင် ဘတ် ၁၀ ဘီလျံကုန်ကျမည့် ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် ထိုင်း UPA ကုမ္ပဏီနှင့် မြန်မာ့လျှပ်စစ် လုပ်ငန်းတို့ လက်မှတ်ရေးထိုး

ထားဝယ်တွင် ဘတ် ၁၀ ဘီလျံကုန်ကျမည့် ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် ထိုင်း UPA ကုမ္ပဏီနှင့် မြန်မာ့လျှပ်စစ် လုပ်ငန်းတို့ လက်မှတ်ရေးထိုး

ဘန်ကောက်၊ ဧပြီ၊ ၄ ။                ။ ထားဝယ်တွင် ဘတ် ၁၀ ဘီလျံခန့်ကုန်ကျမည့် ဓါတ်အားပေးစက်ရုံ တစ်ခုတည်ဆောက်သွားရန် ထိုင်းနိုင်ငံအခြေစိုက် United Power Of Asia Plc(UPA) နှင့် မြန်မာ့ လျှပ်စစ်လုပ်ငန်းတို့ကြားတွင် စွမ်းအင်ဝယ်ယူမှုဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ယနေ့လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူစာချုပ်အရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ၂၀၀ မီဂါဝပ်ဓါတ်အားပေးရုံတစ်ခုကို UPA ကုမ္ပဏီက တည်ဆောက် သွားမည်ဖြစ်ပြီး ဓါတ်အားပေးရုံမှ ဓါတ်အားစတင် ထုတ်လုပ်နိုင်သည့် အချိန်တွင် မြန်မာ့လျှပ်စစ်လုပ်ငန်းက လျှပ်စစ် ဓါတ်အား ပြန်လည်ဝယ်ယူသွားမည် ဖြစ်သည်။

UPA ကုမ္ပဏီသည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် သဘာဝဓါတ်ငွေ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ခွင့်ရသည့် ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် စုစုပေါင်း လျှပ်စစ်လည်ပတ်သုံးစွဲမှုမှာ မီဂါဝပ် ၅၀၀ ရှိမည်ဖြစ်သည်။

UPA ကုမ္ပဏီကတည်ဆောက်မည့် ဓါတ်အားပေးစက်ရုံသည် ၂၀၂၀ ခုနှစ်လောက်တွင် လျှပ်စစ်ဓါတ်အားစတင် ထုတ်လုပ်ရောင်းချနိုင်မည်ဟုမျှော်မှန်းရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိလျှက်ရှိရာ လျှပ်စစ်စွမ်းအင်ကဏ္ဍသည် မြန်မာနိုင်ငံ၌ အလျှင်အမြန်ဖွံ့ဖြိုးလာနေသည့် စီးပွားရေးကဏ္ဍတစ်ခုဖြစ်လျှက်ရှိသည်။

UPA ကုမ္ပဏီသည် မြန်မာနိုင်ငံအပြင် လာအို၊အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင်တို့တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်သွားရန် စီစဉ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly