ရှမ်းအသင်းကိုယ်စားပြုပြီး တိုက်စစ်မှူး စိုးမင်းဦး ဂိုးတစ်ရာပြည့် သွင်းယူနိုင်ခဲ့

ရှမ်းအသင်းကိုယ်စားပြုပြီး တိုက်စစ်မှူး စိုးမင်းဦး ဂိုးတစ်ရာပြည့် သွင်းယူနိုင်ခဲ့
ယခုနှစ် ဘောလုံးရာသီတွင် ရှမ်အသင်း၌ စိုးမင်းဦး ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဧပြီ ၄ ၊ ရန်ကုန် ။               ။ ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး စိုးမင်းဦးသည် ပြီးခဲ့သည့် ရခိုင်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် တစ်ဂိုး သွင်းယူကာ ရှမ်းအသင်းကိုယ်စားပြုပြီး ဂိုးတစ်ရာပြည့် သွင်းယူနိုင်ခဲ့သည်။

တိုက်စစ်မှူး စိုးမင်းဦးသည် ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှ ရှမ်းယူနိုက်တက်အသင်း (ယခင် ကမ္ဘောဇအသင်း) တွင် ပါဝင်ကစားခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲအရပ်ရပ်၌ သွင်းယူခဲ့သော ဂိုးပေါင်း တစ်ရာပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂိုးတစ်ရာပြည့်မြောက်ခဲ့ခြင်းမှာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတလျောက် ပထမဦးဆုံး ဂိုးတစ်ရာပြည့်သွင်းယူနိုင်ခဲ့သည့် မြန်မာကစားသမားတစ်ဦးအဖြစ်လည်း စံချိန်သစ်တင်နိုင်ခဲ့သည်။

"ကျွန်တော် ဒီလိုမျိုး ဂိုးတွေအများကြီး ရတယ်ဆိုတာ သင်ပေးတဲ့ ဆရာတွေ၊ တွဲကစားခဲ့တဲ့ သူငယ်ချင်းတွေ ကောင်းခဲ့လို့ပါ။ ပြီးတော့ ကျနော်ကို အမြဲ အားပေးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျေးဇူးတင် ပါတယ်။ ဒီအသင်းကို သံယောဇဉ် ရှိပါတယ်။ ဒီအသင်းက အိမ်လေးပါပဲ၊ မိသားစုပါပဲ။ ဒီအသင်းမှာပဲ အနားယူတဲ့အထိ ကစားသွားချင်ပါတယ်။ အခုဆို အသင်းက အတော်လေးကို ရလဒ်တွေ ဆိုးတယ်ပေါ့ဗျာ။ အရမ်းကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ကြိုးစားရင်းနဲ့ကို ဖြစ်နေတာ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီအသင်းနဲ့ ကျနော် အမြဲရှိနေချင်ပါတယ်။ ဒီအသင်းအတွက် ကစားနိုင်သလောက် ကစားပေးချင်ပါတယ် " ဟု စိုးမင်းဦးက ပြောသည်။

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း စိုးမင်းဦးသည် ရှမ်းယူနိုက်တက်အသင်းတွင် လက်ရှိအချိန်၌ သက်တမ်းအရှာကြာဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီတွင် အသင်းအတွက် လေးဂိုးထိ သွင်းယူပေးထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly