တောင်တရုတ်ပင်လယ် အရေးတင်းမာမှုများ ရှိနေချိန်တွင် ဖိလစ်ပိုင်နှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

တောင်တရုတ်ပင်လယ် အရေးတင်းမာမှုများ ရှိနေချိန်တွင် ဖိလစ်ပိုင်နှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မနီလာ၊ ဧပြီ၊ ၄ ။           ။ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုများကြောင့် တရုတ်နိုင်ငံနှင့် တင်းမာမှုများရှိနေချိန်တွင် ဖိလစ်ပိုင်နှင့် အမေရိကန် တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယနေ့ စတင်လိုက်သည်။

အမေရိကန်တပ်သား ၈၀၀၀ ခန့်နှင့် ဖိလစ်ပိုင်တပ်သားများသည် ယနေ့မှစပြီး လာမည့်နှစ်ပတ်တာကာလအတွင်းတွင် အထက်-အောက် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ဆက်သွယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူသားချင်းစာနာမှု နှင့် ရေပြင်ပိုင်နက်လုံခြုံရေး လုပ်ဆောင်မှုများကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားသည်။

ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရုတ်နိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားမှုများရှိနေမှုအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်ရေးစွမ်းဆောင်ရည်တစ်ရပ်လုံးအတွက် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှု ဆိုင်ရာ ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

အမေရိကန်နှင့်ဖိလစ်ပိုင်တို့၏ ယခုနှစ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့်အပတ်ထဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာကိုယ်တိုင် လာရောက်ကြည့်ရှု့သွားမည်ဖြစ်သည်။

ဖိလစ်ပိုင်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်လာရောက်ကြည့်ရှုသည်မှာ  ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုအချက်က ဖိလစ်ပိုင်နှင့်အမေရိကန်အကြား စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု အရေးပါလာမှုကို မီးမောင်းထိုးပြလျှက်ရှိသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်းတွင် တောင်တရုတ်ပင်လယ်အတွင်း၌ အငြင်းပွားဖွယ်လုပ်ဆောင်ချက်များ ပိုမိုလုပ်ဆောင်လာလျှက်ရှိသည်။

တရုတ်နိုင်ငံသည် ရေနံနှင့်သဘာဝဓါတ်ငွေ့များကြွယ်ဝသည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်း၏ပိုင်နက် အဖြစ်တောင်းဆိုလျှက်ရှိပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ် နှင့် ဗီယက်နမ် တို့ကလည်း သက်ဆိုင်ရာအပိုင်းများ ကို ၎င်းတို့၏ ရေပိုင်နက်အဖြစ်နှင့် တောင်းဆိုလျှက်ရှိရာ နှစ်ဖက်အငြင်းပွားမှုများပေါ်ပေါက်လျှက်ရှိခြင်း ဖြစ်သည်။

ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သတ်ပြီး ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာကကြားဝင်စေ့စပ်ပေးမှုကို တောင်းခံထားပြီး ယခုလအတွင်း၊ သို့မဟုတ် မေလအစောပိုင်းတွင် အဆုံးအဖြတ်ရလဒ် ထွက်ပေါ်လာဖွယ် ရှိနေကာ တရုတ်နိုင်ငံကမူ ထိုကိစ္စတွင်ပူးပေါင်းပါဝင်ရန် ငြင်းဆန်ထားသည်။

ဖိလစ်ပိုင်-အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ရည်ရွယ်ချက်တစ်ခုတည်းအတွက် မဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်အရပ်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်တူးလန် က ပြောကြားခဲ့ကာ ဖြစ်လာနိုင်သည့်အခြေအနေအရပ်ရပ်ဆိုသည့်အထဲတွင် တောင်တရုတ်ပင်လယ် တင်းမာမှုလည်း ပါဝင်ကြောင်းပါပြောကြား သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly