ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၆ ခုဖြင့် ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၆ ခုဖြင့် ဖွဲ့စည်း

ရန်ကုန်၊ ဧပြီ ၄ ။         ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာန (၆)ခုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်သို့ အဆိုပြုခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု ဖွဲ့စည်းခန့်အပ်လိုက်သည်။

ဧပြီ ၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁) ရက် မြောက်နေ့တွင် ဝန်ကြီးချုပ်က လွှတ်တော်သို့ အဆိုပြု တင်ပြကာ လွှတ်တော် ဥက္ကဌက လွှတ်တော် ကိုယ်စားလှယ်များအား ဖတ်ကြားပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် ဝန်ကြီး ဌာနများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေး သစ်တောနှင့် စွမ်းအင် ဝန် ကြီး ဌာန၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန တို့ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးမြင့်သောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး အဖြစ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူးအငြိမ်းစား ဦးဟံထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် လိုင်စင်ရ အကြီးတန်း ဗိသုကာပညာရှင် ဒေါ်နီလာကျော်၊ စည်ပင်သာယာ ရေးဝန်ကြီး အဖြစ် ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဦးမောင်မောင်စိုး နှင့် လူမှုရေးဝန် ကြီးအဖြစ်  သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းတို့ အား အတည်ပြုခန့်အပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးဝင်းမောင်ထံမှ သိရသည်။

" ကျွန်တော်တို့ရဲ့ အပေါ်က လူကြီးတွေကတော့ သင့်တော်မယ်ထင်လို့ အများကြီးလုပ်ပေးနိုင်မယ် ထင်လို့ ခန့်အပ် တာ ဖြစ်ပါတယ်။ လွှတ်တော်ကလည်း သဘောတူ သလို ကျွန်တော်တို့ကလည်း သဘောတူပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ကြည့်လိုက်ရတဲ့ အခါမှာ အငြိမ်းစားဝန်ထမ်းတွေ များနေတယ်။ ဒီအငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ယခင်လိုခေါက်ရိုးကျိုး တဲ့ ပုံစံ မဖြစ်ဖို့ကတော့ ကျွန်တော်တို့ အားလုံး ထိန်းကျောင်းရမှာ ဖြစ်ပါတယ်"ဟု ဦးဝင်းမောင်က ပြောသည်။

ဝန်ကြီးဌာန (၆)ခုတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး တင်အောင်ထွန်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတင်ပြခဲ့ပြီး မတ်လ ၃၁ရက်နေ့က ပြုလုပ်သည့် ရန်ကုန် တိုင်း ဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းဝေး နဝမမြောက်နေ့တွင် လွှတ်တော်က အတည်ပြု ခန့် အပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဒေါ်ခင်သန်းလှ (စာရင်းကိုင်ဟောင်း သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ)အား တိုင်းဒေသကြီး စာရင်း စစ်ချုပ်အဖြစ်လည်းကောင်း ဦးဟန်ထူး (ဒုတိယညွှန်ကြားရေးမှူးအငြိမ်းစား ရှေ့နေချုပ်ရုံး)အား တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်သို့အဆိုပြုခဲ့ပြီး လွှတ်တော်က အတည်ပြုခန့်အပ် ခဲ့သည်။

ရခိုင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးဇော်အေးမောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် နော်ပန်းသဉ္စာမျိုးတို့ကို လွှတ်တော်အစည်းဝေး  ဒသမမြောက်နေ့တွင် အတည်ပြုခန့်အပ်ခဲ့ပြီး ဖြစ်သည့်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် ဦးဖြိုးမင်းသိန်း - ဝန်ကြီးချုပ်၊ ဗိုလ်မှူးကြီး တင်အောင်ထွန်း - လုံ/နယ် ဝန်ကြီး၊ ဦးဇော်အေးမောင် - ရခိုင်တိုင်းရင်းသားဝန်ကြီး၊ ဒေါ်ပန်းသဉ္ဇာမျိုး - ကရင်တိုင်းရင်းသားဝန်ကြီး ဦးမြင့်သောင်း - စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးဟံထွန်း - စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဒေါ်နီလာကျော် - လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒေါက်တာမောင်မောင်စိုး -စည်ပင်သာယာရေးဝန်ကြီး၊ ဦးနိုင်ငံလင်း - လူမှုရေးဝန်ကြီး၊ ဦးဟန်ထူး - ဥပဒေချုပ်နှင့်  ဒေါ်ခင်သန်းလှ - စာရင်းစစ်ချုပ် တို့က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly