၂၀၁၅ အခွန်အကောက် ဥပဒေတွင် လုပ်ငန်းသဘာဝအလိုက် အခွန် ခွဲခြားသတ်မှတ်ရန်လိုဟု လုပ်ငန်းရှင်များဆို

၂၀၁၅ အခွန်အကောက် ဥပဒေတွင် လုပ်ငန်းသဘာဝအလိုက် အခွန် ခွဲခြားသတ်မှတ်ရန်လိုဟု လုပ်ငန်းရှင်များဆို

ရန်ကုန် ဇူလိုင် ၁ ။     ။ ၂၀၁၅ အခွန်အကောက် ဥပဒေတွင် လုပ်ငန်းသဘာဝအလိုက် အခွန်ခွဲခြားသတ်မှတ်ရန်  လိုအပ်ဟု ရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ဇူလိုင် ၁ ရက်တွင်ပြောကြားလိုက်သည်။

ဦးကျော်ဝင်းက” ဥပဒေကတော့ ကောင်းပါတယ်။ဒါပေမဲ့ လုပ်ငန်းသဘာ၀ အလိုက်အခွန်ခွဲခြား သတ်မှတ်ဖို့ မထည့်သွင်းထား ဘူး၊ ဒီလိုခွဲခြားထားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် သက်ဆိုင်ရာ လုပ်ငန်း အလိုက် နည်းဥပဒေဖြစ်ဖြစ် ညွှန်ကြားချက်ဖြစ်ဖြစ် ထားလိုက် ရင်တော့ အဆင်ပြေတယ်။ ဥပမာ ရွှေရဲ့ ရောင်းဝယ်မှု သဘာဝက ပဲတို့ ၊ဆန်တို့ လို စားသောက်ကုန်နဲ့ မတူပါဘူး၊ အခွန်ထမ်း တစ်ယောက် အတွက် အခွန်ဆိုင်ရာ ဥပဒေတွေက ဇဝေဇဝါဖြစ်နေမယ်ဆိုရင် အခွန်ထမ်းသူ နည်းသွား နိုင်ပါတယ်” ဟု ဆိုသည်။

၎င်းက ဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့ UMFCCI ခန်းမ၌ ပြုလုပ်သည့် ‘ ၂၀၁၅ အခွန်အကောက် ဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ‘ တွင် ပြောကြားခြင်းဖြစ်သည်။

ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားရာတွင် လုပ်ငန်းကိုလိုက်၍လက်လီ လက်ကားရောင်းဝယ် ပုံမတူညီနိုင်ကြောင်း ဥပမာ-ရွှေ ဆိုသည်မှာ ကုန်ကြမ်းဖြစ်သည့် ရွှေတုံးမှစ၍ အခွန်ဆောင်ကာ လုပ်ကိုင်ရခြင်းဖြစ်ပြီး ယင်းကို ရွှေထည်များအဖြစ် လက်လီခွဲ ကာရောင်းချမှုတွင် ပစ္စည်းပေါ်လိုက်၍ အခွန် ထပ်မံကောက်ယူခြင်းမျိုးမဖြစ် သင့်ကြောင်း၊ယင်းသို့လက်လီခွဲဝယ်ယူ သူများတွင် လည်း ဥပဒေပါအချက်အရ မူလပိုင်ဆိုင်မှုပြသရန်  မဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဒု-ဥက္ကဌ ဦးကျော်မင်းထင်က” ဒီဥပဒေကို လက်တွေ့ အကောင်ထည်ဖော်တဲ့နေရာမှာ လုပ်ငန်းသဘောသဘာဝတွေမတူညီတာမို့ တစ်မျိုးတည်း သတ်မှတ်လိုက်တာဟာ အခက်အခဲတွေရှိတာ ကို တွေ့ရတယ်၊အခွန် ထမ်းတွေကို ဒီဥပဒေပါကန့်သတ် ချက်တွေ နားလည်အောင်လုပ်ပေးဖို့ လိုတယ်၊ဥပဒေပါအချို့အချက်တွေက လက်တွေ့အကောင် အထည်ဖော်ရာမှာ ခက်တယ်။ ဒါကို အဆင်ပြေပြေ အခွန်ထမ်းနိုင်ဖို့ဆိုရင် နိုင်ငံတော်ပိုင်းက မူဝါဒ ရေးရာပိုင်းကို ပြင်ဆင်ပေး ဖို့လိုတယ်၊”ဟု  ပြောဆိုသည်။

အခွန် သဘော သဘာဝအရ ရှုပ်ထွေးမှုများ ရှိနေပြီး လုပ်ငန်း သဘောသဘာ၀ အလိုက် ခွဲခြား သတ်မှတ်မှုများ လုပ်ရန် လိုသည် ဆိုသည်မှာလည်း ဟုတ်မှန်ကြောင်း ၊ ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဌာနမှူး အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁)မှ ဒေါ် ခင်ယမုံအောင်က ဆိုသည်။

 ၎င်းက “ ကျွန်မတို့အနေနဲ့ reform လုပ်ဆောင်ချင်လို့ အခွန်အကောက်ဥပဒေမှာ အခွန်နှုန်း တွေလျှော့ချ ပေးတာဖြစ်ပါတယ်၊ အခွန်လျှော့ချခြင်းအားဖြသ့် အခွန်ထမ်းသူ ပိုမိုများပြား လာစေဖို့ ရည်ရွယ်တယ်၊  လုပ်ငန်းသဘာဝအလိုက် အခွန်ခွဲခြား သတ်မှတ်ဖို့ လိုတယ်လို့ ထောက်ပြတာလည်း ဟုတ်ပါတယ် ”ဟုဆိုသည်။

ကုန်သွယ်လုပ်ငန်းခွန် အနေဖြင့် အချို့ ကုန်စည်များမှ အပ ပြည်တွင်းတွင် ထုတ်လုပ် ရောင်းချသည့် ပစ္စည်းဆိုပါက် ရောင်း ရငွေပေါ်တွင် လည်းကောင်း ၊ ပြည်ပမှ တင်သွင်းသည့် ပစ္စည်းဆိုပါက ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင်လည်း ကောင်း ငါးရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့်  အခွန်အကောက် ဥပဒေကို ၂၀၁၄ မတ်လတွင်ပြင်ဆင်ခဲ့ဖူးပြီး  ယခု ၂၀၁၅  တွင်လည်း ထပ်မံပြင်ဆင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅အခွန်အကောက် ဥပဒေတွင် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းဆိုင်ရာ အခွန်နှုန်းထားများ ကိုယခင်ရှိခဲ့သောနှုန်းထားများထက် လျှော့ချသတ် မှတ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း အထူးကုန်စည်ဟုသတ်မှတ် ထားသည့် ဆေးရွက်ကြီး၊ အရက်၊ သစ်၊ ကျောက်မျက်၊ကား၊လောင်စာဆီ၊ဓာတ်ငွေ့စသည့်  အထူးကုန်စည် ၁၆မျိုးကို မူ အခွန်နှုန်း တိုးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly