“အစိုးရငွေကြေးအဖွဲ့အစည်းတွေဟာ ဝန်ကြီးဌာနအောက်မှာမရှိသင့်ဘူး။ ဗဟိုဘဏ်ရဲ့အောက်မှာရှိသင့်တယ်”

03 April 2016
“အစိုးရငွေကြေးအဖွဲ့အစည်းတွေဟာ ဝန်ကြီးဌာနအောက်မှာမရှိသင့်ဘူး။ ဗဟိုဘဏ်ရဲ့အောက်မှာရှိသင့်တယ်”
( ဓာတ်ပုံ- LIFT)

အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ- LIFT ၏ စီမံကိန်းအရာရှိဦးမြင့်ကျော်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချရန် အများကလိုလားနေကြသည်။ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် ငွေကြေးအရင်းအနှီးရရှိရန်က ထိုသို့လုပ်ဆောင်ရန်အတွက် အရေးတကြီး လိုအပ်နေသည်ဆိုသည်ကြောင့် ယခင် သမ္မတဦးသိန်းစိန်လုပ်ဆောင်သော အစိုးရအဖွဲ့ကလုပ်ဆောင်ခဲ့သည်ကိုလည်းတွေ့ရှိရသည်။ သို့သော် အသေးစားငွေကြေးအဖွဲ့များ (ပြည်တွင်း၊ပြည်ပ)က ထိုကဏ္ဍအတွက် ငွေကြေးထောက်ပံ့ပေးရန် ငွေကြေးအရင်းအနှီးများစွာလိုအပ်နေသည်ဟုတစ်ဘက်တွင် ပြောဆိုနေကြသည်။ ယခုဖော်ပြမည့် အမေးအဖြေကဏ္ဍတွင် ငွေကြေး အဖွဲ့အစည်းများကို ကျေးလက်ပြည်သူများသို့ ငွေချေးပေးရန် တစ်ဆင့်ပြန်လည်ချေးပေးနေသော အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ-LIFT၏ စီမံကိန်းအရာရှိ ဦးမြင့်ကျော်ကို မဇ္ဈိမက အသေးစားငွေကြေးကဏ္ဍနှင့် ပတ်သတ်သည်များကိုမေးမြန်းထားသည်။

မေး - ကျွန်တော် ဒီနေ့ ဆွေးနွေးချင်တာကတော့ အသက်မွေးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ LIFTရဲ့ ဒီမြန်မာပြည်တွင်းမှာလုပ်ကိုင်နေတဲ့ အကြောင်းအရာတွေ အဲဒီထဲကမှ အသေးစားငွေချေးကဏ္ဍမှာ ဘယ်လောက်အတိုင်းတာအထိ လုပ်ဆောင်နေတယ်။ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာကို အဓိကထားပြီးဆွေးနွေးချင်ပါတယ်ခင်ဗျ။

ဖြေ - ဟုတ်ကဲ့ ကျွန်တော့် အနေနဲ့လည်းအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပြပါမယ်ခင်ဗျာ။

မေး - အရင်ဆုံးသိချင်တာက LIFTဆိုတာ ဘယ်လိုအဖွဲ့စည်းမျိုးလဲ။ သူရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ မြန်မာပြည်မှာဘယ်လိုမျိုးဆက်စပ်မှုတွေရှိပြီးတော့ ဘာတွေ လုပ်ကိုင်နေလဲဆိုတာကို အရင်ဆုံးသိချင်တယ်ခင်ဗျ။

ဖြေ- ဟုတ်ကဲ့ LIFTကတော့ ၂၀၁၀ ထဲကပေါ့နော်။ အလှူရှင် ငါးနိုင်ငံနဲ့စတင်ပြီးတော့ ၂၀၁၀ ကတည်းက အသက်မွေးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးအထူးသဖြင့် ကျေးလက်ဒေသတွေ မှာရှိတဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ အဟာရဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်။ ဦးတည်ပြီးတော့ အကူညီတွေ အထောက်ပံ့တွေ ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထည့်ဝင်တဲ့ အလှုရှင်နိုင်ငံတွေ တိုးလာပါတယ်။ အခုဆိုရင်တော့ အလှုရှင် စုစုပေါင်း ၁၃ နိုင်ငံနဲ့ နောက် Private Sector တစ်ခုပေါ့နော်။ တိုးတက်လာပါတယ်။ စုစုပေါင်းအားဖြင့် Fund တွေက ကန်ဒေါ်လာသန်းပေါင်း ၄၃၀ လောက် ရရှိထားပြီဖြစ်ပါတယ်။ ဒီ ၂၀၁၀ ကတည်းက စခဲ့တာအခုဆိုရင် ကျွန်တော်တို့ ၂၀၁၅ နှစ်လည်ပိုင်းလောက်ထိဆိုရင် ကျွန်တော်တို့ လူဦးရေသုံးသန်းကျော်ကိုကူညီပေးပြီး ဖြစ်ပါတယ်။  နောက်အကူညီပေးတဲ့ အခါမှာလည်း မြန်မာပြည်မှာရှိတဲ့ အဖွဲ့စည်းတွေကတစ်ဆင့်ပေါ့နော်။ ဒီသက်မွေးဝမ်းကြောင်းတွေ စီမံကိန်းတွေ အဟာရဖွံ့ဖြိုးရေးတွေ စီမံကိန်းတွေ အတွက် ရံပုံငွေ ချထားပေးတာပါ။ ကျွန်တော်တို့ Live  ကတော့ ရံပုံငွေ တစ်ရပ် ဖြစ်ပါတယ်။ ဒါကိုစီမံခန့်ခွဲတာကတော့ ကုလသမ္မဂ္ဂ အဖွဲ့စည်း ဖြစ်တဲ့ UNOPSကနေပြီးတော့ Fundတွေကို စီမံခန့်ခွဲပါတယ်။

မေး - ဆိုပါစို့ LIFTအနေနဲ့ ဦးမြင့်ကျော်က အသေးစားငွေကြေးကဏ္ဍကို အဓိကကိုင်တွယ်သူ ဖြစ်တဲ့ အတွက်ကြောင့် မိုလို့ အသေးစားငွေကြေးလုပ်ကိုင်တာက လက်ရှိအချိန်ထိမှာ မြန်မာတစ်နိုင်ငံလုံးမှာ ဘယ်ဒေသတွေ ၊ ကျေးရွာဘယ်နှစ်ရွာနဲ့ လူဦးရေဘယ်လောက်ကို ငွေကြေးဘယ်လောက်ထိပေးစွမ်းထားပြီးပြီလဲခင်ဗျ။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်တို့ စုစုပေါင်းတော့ ငွေကြေးရန်ပုံငွေ ချထားပေးတာတော့ ဒေါ်လာသန်းပေါင်း ၈၀ လောက်ချထားပြီးပါပြီ။

မေး - သန်းပေါင်း ၈၀ က သုံးပြီးသွားပြီလား။

ဖြေ - အမေရိကန်ဒေါ်လာသန်းပေါင်း ၈၀ ကိုချထားပေးတာပါ။ အသုံးပြုတာတော့ သူတို့ သုံးမှာပေါ့နော်။

မေး - သန်း ၈၀ က အဖွဲ့စည်းတွေဆီရောက်သွားပြီပေါ့နော်။

ဖြေ - အဓိကအဖွဲ့စည်းတွေကတော့ Microfinance NGO တွေရှိတယ်။ Local microfinance အဖွဲ့တွေ ရှိတယ်ပေါ့နော်။ နောက် Private Sectorနဲ့ ပတ်သက်တဲ့ Microfinance အဖွဲ့စည်းတွေ ရှိတယ်ပေါ့နော်။ စုစုပေါင်း Microfinance အဖွဲ့ပေါင်း ၁၇ ဖွဲ့ ကျွန်တော်တို့ ရန်ပုံငွေ ချထားပြီး ဖြစ်ပါတယ်။ ကျေးရွာပေါင်းကတော့ စုစုပေါင်း ၁၇ ဖွဲ့ပေါ့နော်။ ကျွန်တော်တို့ရဲ့ မိတ်ဘက် ၁၇ ဖွဲ့ကတော့ ကျေးရွာပေါင်းတစ်သောင်းကျော်ကို ရောက်ပြီးဖြစ်ပါတယ်။ ဒီတစ်နိုင်ငံလုံးအတိုင်းတာနဲ့ဆိုရင် microfinance အဖွဲ့ဝင်ပေါင်းက ၁.၇ မီလီယံလောက် ရှိတယ်။ ကျွန်တော်တို့က ၉သိန်းခွဲလောက် ရောက်သွားပြီ။

မေး - အဲတော့ အဲဒီနေရာမှာတစ်ခုမေးချင်တာက NGO နဲ့ အဖွဲ့အစည်းတွေက တစ်ခုထက်မကရှိလာတော့ ဒီနေထိုင်သူတွေ အနေနဲ့ ချေးငွေယူတဲ့ ကျေးလက်ဒေသကလူတွေနဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်နေဘူးလား။ ဆိုပါစို့် အကြွေးသံသရာလည်နေတယ်လို့ မထင်ဘူးခင်ဗျ။

ဖြေ- ဟုတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ Microfinance အဖွဲ့တွေမှာ အဖွဲ့ဝင်ဖြစ်ဖို့အတွက် သူတို့ကသူတို့ရဲ့ Financial Literacy သင်တန်းလေးတွေ တက်ရပါတယ်။ ပြီးတဲ့အခါမှာသူတို့အချင်းချင်းလည်း…ဥပမာဆိုရင် ပူးပေါင်းလုပ်တယ်။ ဥပမာဆိုရင် စိုက်ပျိုးရေးဘဏ်ပေါ့..သူတို့ကဘယ်အချိန်မှာပေးတယ်။ ဥပမာစပါးကိုပေးတယ်ဆိုရင် Microfinance အဖွဲ့တွေကစပါးအတွက် ချေးငွေထုတ်မပေးတော့ဘူး။ ဥပမာသူတို့ဆီက ၁၀ သိန်းလောက် ရတယ်ဆိုရင် Microfinance က စပါးအတွက် ထုတ်မပေးတော့ဘူး။ မပေးဘဲနဲ့ စပါးပြီးတော့ နောက်စိုက်မယ့် သီးနှံပေါ့။ အဲတော့ အချင်းချင်းညှိနှိုင်းပြီးလုပ်ပြီးတော့ ရှောင်ရှားကြပါတယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ အရမ်းကိုဆိုးဝါးတဲ့ Caseတွေပေါ့နော်။ အကြွေးသံသရာထဲမှာ မဆပ်နိုင်လို့ ထွက်ပြေးရတာမျိုး မကြုံရသေးဘူးပေါ့။ မကြားရသေးဘူးပေါ့နော်။ အဲတာတော့ သူတို့က ကျွန်တော်တို့ ပါတနာကြားမှာ အရမ်းအရေးကြီးတယ်ပေါ့နော်။ အကြွေးသံသရာလည်တာပေါ့။ ထုတ်ပေးပြီးသွားရင်လည်း စောင့်ကြည့်လေ့လာတာလုပ်ဖို့ ထုတ်ပေးပြီးသွားရင်လည်း ဒီအတိုင်းမပြီးသေးဘူး။ ဝက်မွေးမယ်ဆိုရင် တကယ်ဝက်မွေးလားပေါ့။ နောက်ပြီးတော့ Microfinance အဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကလည်း ညှိနှိုင်းဆောင်ရွက်မှု ရှိပါတယ်။

မေး - အသက်မွေးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ -LIFT ကနေပြီးတော့ ၂၀၁၀ ကနေ နှစ်စဉ် အစီရင်ခံစာတွေကို ထုတ်ပြန်လာတာကို ကျွန်တော်သိရတယ်ခင်ဗျ။ ဒီကာလတွေအတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေကို ဒီအစိုးရအဖွဲ့စည်းတွေကို တင်ပြတာမျိုးရှိလားခင်ဗျ။ ဒီကနေသင်ခန်းစာတွေ ယူပြီးတော့ ဒီလိုမျိုးကျေးလက်ဒေသမှာရှိတဲ့ သူတွေကိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်စေဖို့ ဆင်းရဲမှုလျှော့ချစေဖို့ အကြံပေးတာမျိုးတွေ ရှိလား။ အဲဒီအပေါ်မှာအစိုးရရဲ့ တုန့်ပြန်မှုကဘာတွေလည်းဒီအပေါ်မှာအားရစရာကောင်းလား။ ဘယ်လိုအကြံမျိုးတွေ ပေးချင်လဲခင်ဗျ။

ဖြေ - ကျွန်တော်တို့ကတော့ နှစ်စဉ် နှစ်တိုင်း Rural development forum ဆိုပြီးတော့ ဆောင်ရွက်ပါတယ်။ ပထမတစ်နှစ်လောက်ကတော့ ကျွန်တော်တို့ပဲဦးဆောင်ပြီးတော့ ဆောင်ရွက်တယ်။   နောက်ပိုင်းမှာတော့ ကျွန်တော်တို့ အစီရင်ခံစာတွေလည်း အစိုးရဌာနကိုအင်္ဂလိပ်လိုလဲထုတ်တယ်။ မြန်မာလိုလဲထုတ်တယ်။ သူတို့ဆီပေးပို့တဲ့ အခါမှာဒီနောက်ပိုင်းမှာအစိုးရရဲ့ ပါဝင်မှုကတက်လာတယ်ပေါ့။ နောက်ပိုင်း forum အစိုးရကပဲဦးဆောင်ပြီးတော့ လုပ်တယ်။ သူတို့ ဝန်ကြီးဌာနတွေမှာလုပ်တယ်ပေါ့နော်။ ကျွန်တော်တို့ LIFTမှာရှိတဲ့ Lesson Learningတွေပေါ့နော်။ ဒါတွေကိုလေ့လာခဲ့ရတယ်။ ဘယ်အလုပ်တွေက ဖြစ်တယ်။ ဘယ်ဌာနကအလုပ် မဖြစ်ဘူးဆိုတာတွေကို ချပြပြီးတော့ ဆွေးနွေးကြတယ်။ အစိုးရဌာနတွေကလည်း ပါကြတယ်ပေါ့နော်။ တစ်ချို့လုပ်ငန်းတွေဆို ကျွန်တော်တို့မှာဖွံ့ဖြိုးမှုမိတ်ဘက်တွေ ရှိတယ်။ အဲတာမျိုးပဲတစ်ခြားအဖွဲ့ဝင်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့မိတ်ဘက်တွေရှိတယ်၊ အဲဒီအခါမှာအစိုးရအနေနဲ့ ပူးပေါင်းပြီးတော့ လုပ်နိုင်တဲ့အခွင့်လမ်းတွေကိုသူတို့ တွေ့လာရတယ်ပေါ့။ နောက်ပိုင်းမှာဆိုသူတို့ ကျွန်တော်တို့နဲ့ သတင်းအချက်အလက်မျှဝေတဲ့အပိုင်းမှာ တိုးတက်လာတယ်။

မေး - ဟုတ်ကဲ့ခင်ဗျ။ ဒါကတော့ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့။ အားရစရာကောင်းလား။ ဘယ်လို မြင်ရလဲ။

ဖြေ- အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရင်ကထက်စာရင်တော့ အားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ဝင်လုပ်နေတဲ့ ကဏ္ဍတစ်ခုရှိတယ်လေ။ Financial sector ရဲ့ Road Map ဆိုရင် သူ့ကိုချဆွဲတဲ့ အခါ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့ အစိုးရကသူတို့ ဌာနကလွှတ်တဲ့ ဒီအစည်းဝေးဆိုရင် ဒီအရာရှိတစ်ယောက်.. နောက်ထပ် အစည်းဝေးဆိုရင်  နောက်ထပ်အရာရှိလွှတ်တဲ့အခါမှာ အသစ်အသစ်တွေ ဖြစ်နေတော့ အသစ်ကပြန်ပြန်စရတယ်။

မေး - ဘာကြောင့် ဒီလိုဖြစ်နေရတယ်လို့ထင်လဲခင်ဗျ။

ဖြေ - ကျွန်တော်ထင်တယ်.. သူတို့မှာဒါမျိုးကဦးစားပေးမဟုတ်ဘူးပေါ့နော်။

မေး - ဒါဆိုရင် ပူးပေါင်းဆောင်ရွက်မှုမှာပုဂ္ဂလိကနဲ့ အစိုးရအခန်းကဏ္ဍမှာ အားနည်းနေသေးတယ်ဆိုတဲ့ အချက်တွေက ဆက်ရှိနေသေးတာပေါ့။ အထူးအာရုံမစိုက်နိုင်တာတွေ့ရတယ်ပေါ့။

ဖြေ - သူတို့ အလုပ်များတယ်ပေါ့နော်။ ဒါကြောင့် သူတို့ကလူလွှတ်တဲ့နေရာမှာ…

မေး - နောက်ဆုံးဦးမြင့်ကျော်အနေနဲ့ ဆွေးနွေးပေးစေချင်တာက ပိုပြီးဖွံ့ဖြိုးပြီး လူတိုင်းပါဝင်နိုင်တဲ့ လက်လှမ်းမီတဲ့ ငွေကြေးကဏ္ဍဖြစ်လာဖို့ဆိုရင် အဓိကဘာတွေကိုလုပ်သင့်တယ်။ ဘယ်အရာကအကောင်းဆုံးလဲဆိုတဲ့ အကြံပြုချက်နဲ့ ထင်မြင်သုံးသပ်ချက်လေးနိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။

ဖြေ - ဟုတ်ကဲ့ အဓိကကတော့ ကျွန်တော်တို့ ဒီပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှု အဲဒီနှစ်ခုကအရေးကြီးပါတယ်။ အစိုးရမှာလဲသူ့ရဲ့အရင်အဖွဲ့အစည်းဟောင်းတွေ ရှိတယ်လေ။ ငွေကြေးအဖွဲ့အစည်းတွေရှိတယ်။ အဲဒီအဖွဲ့အစည်းတွေဟာဘဏ်တစ်ခုဆိုရင် ကျွန်တော့်အမြင် ဗဟိုဘဏ်လက်အောက်ကနေပဲ သွားသင့်တယ်ပေါ့နော်။ ဒါပေမယ့် ဘဏ်ကအခြားအစိုးရဌာနအောက် က သွားတဲ့ အခါကျတော့ ဘဏ်ကဘဏ်လုပ်ငန်းမလုပ်နိုင်ဘူပေါ့နော်။ အဲဒါမျိုးကဏ္ဍတွေကို ပြောင်းလဲလိုက်ဖို့လိုတယ်။ တစ်ချို့လည်းပြောင်းလဲဖို့ သဘောတူနေပါပြီ။ အစိုးရမှာသဘောတူထားတာရှိတယ်။ စသာမစသေးတာပေါ့နော်။ အဲဒါဆိုရင် အစိုးရကဝင်လာမယ် နောက်ပြီးတော့ Microfinance ဆိုတာက အစိုးရကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဆင်းရဲမှု လျော့ချဖို့ဆိုတာ အဲဒီရည်ရွယ်ချက်ပါတာပေါ့။

အစိုးရရဲ့ တစ်ချို့ကဏ္ဍတွေမှာ တိုင်းပြည်ရဲ့ကုန်ကျစရိတ် တစ်ခုတည်းကိုမကြည့်ပဲနဲ့ ကျွန်တော့် သဘောဆိုရင် လုပ်ကိုင်ခွင့်လမ်းရရှိအောင် ဖန်တီးပေးလိုက်ဖို့ အတွက် အစိုးရကလျော့ချလိုက်တဲ့ ကဏ္ဍတွေရှိမယ်ဆိုရင် အဲအတွက်ရလာမယ့် Return တွေဟာအများကြီးပဲပေါ့နော်။ ကုန်ကြစရိတ်က တစ်ခြားကဏ္ဍတွေမှာ လျော့သွားမယ်ပေါ့နော်။ ကိုယ့်ဝန်ကြီးဌာနတစ်ခုတည်းကြည့်ပြီး ငါ့ဝန်ကြီးဌာနတိုးတက်ဖို့ မဟုတ်ဘဲနဲ့ အစိုးရနေပြီးတော့ ကဏ္ဍပေါင်းစုံမှာဒီကဏ္ဍတော့ ရှုံးချင်ရှုံးူလိမ့်မယ်။ ဒါပေမယ့် ဒီကဏ္ဍရဲ့ ကုန်ကျစရိတ်တွေက အရမ်းကိုလျော့ကျသွားမယ်။ ဝင်ငွေကောင်းလာတယ်။ ကျန်းမာရေးကောင်းလာတယ်ဆိုရင် ကျန်းမာရေးအသုံးစရိတ်တွေ မရှိတော့ဘူးဆိုရင် နိုင်ငံခြားကဆေးဝါးတွေတင်ပို့ရတာကျသွားမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags