အမေရိကမှာ လေယာဉ်က ကားကိုဝင်တိုက်၊ ၁ ဦးသေ ၅ ဦးဒဏ်ရာရ

အမေရိကမှာ လေယာဉ်က ကားကိုဝင်တိုက်၊ ၁ ဦးသေ ၅ ဦးဒဏ်ရာရ

လော့စ်အိန်ဂျလိစ်၊ ဧပြီ၊ ၂ ။         ။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီးက ကားတစ်စီးကိုဝင်တိုက်မိပြီး ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိသွားခဲ့သည်။

Lancair IV အမျိုးအစားကိုယ်ပိုင်လေယာဉ်ငယ်သည် မောင်းနှင်နေစဉ်စက်ချို့ယွင်းသွားသဖြင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ အဝေးပြေးလမ်းတစ်ခုပေါ်သို့ အရေးပေါ်ဆင်းသက်ရန် ကြိုးစားစဉ် လမ်းပေါ်တွင်မောင်းနှင်နေသည့် ကားတစ်စီးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဝင်တိုက်မိမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက်မှ တစ်ဦးသေဆုံးခဲ့ကာ လေယာဉ်မှူးနှင့် ခရီးသည်အပါအဝင် ၅ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူများအနက် လေယာဉ်မှူး နှင့် လေယာဉ်စီးခရီးသည်တို့မှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယခု ကားနှင့်တိုက်မိသည့် Lancair IV လေယာဉ်သည် ၂၀၀၀ ခုနှစ်တုန်းကလည်း ပျံသန်းနေစဉ် အင်ဂျင်စက်သေသွား သဖြင့် အဝေးပြေးလမ်းပေါ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရဖူးသော်လည်း ထိုစဉ်က ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ချေ။

ယခုတစ်ကြိမ်တွင်မူ လေယာဉ်မှာ ဘီးချ၍ပင်မရဘဲ ဗိုက်နှင့်ဆင်းခဲ့ရကာ ကာတစ်စီးကိုပါဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယခုလေယာဉ်နှင့်ကားတိုက်မိသည့် အဝေးပြေးလမ်းပေါ်သို့ ပြီးခဲ့သည့်ဆယ်နှစ်ခန့်အတွင်းတွင် ကိုယ်ပိုင်လေယာဉ်ငယ်များ အရေးပေါ်ဆင်းသက်မှု ၃ ကြိမ်ထိရှိခဲ့ကြောင်း ကယ်လီဖိုးနီးယား အဝေးပြေးလမ်းလုံခြုံရေးရဲအရာရှိတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly