လူငယ်နဲ့ ခေတ်သစ်နိုင်ငံရေး

လူငယ်နဲ့ ခေတ်သစ်နိုင်ငံရေး

လွန်ခဲ့တဲ့ နှစ် ငါးဆယ်လောက်အထိတုန်းကတော့ တော်လှန်ရေးလို့ ဆိုလိုက်ရင် လက်နက် ကိုင်ပြီး တော်လှန်တဲ့ တော်လှန်ရေးလို့ပဲ အခြေခံအားဖြင့် လူငယ်တွေ နားလည်ထားခဲ့ကြပါတယ်။   တော်လှန်ရေး အမျိုးမျိုးအစားစား ရှိပင်ရှိသော်ငြားလည်းပဲ လက်နက်ကိုင်တော်လှန်ရေးသာလျင် အစစ်အမှန်တော်လှန်ရေးဖြစ်ပြီး တခြားတော်လှန်ရေးနည်းတွေဟာ တော်လှန်ရေး အစစ်အမှန် မဟုတ်ဘဲ ပြုပြင်ရေးများသာဖြစ်တယ်လို့ ယူဆထားခဲ့ကြပါတယ်။

ဥပမာ လက်ကိုင်တော်လှန်ရေးမဟုတ်တဲ့ လက်နက်မကိုင် ငြိမ်းချမ်းစွာလုပ်ကိုင်ရတဲ့ အကြမ်းမ ဖက်တဲ့ တော်လှန်ရေးကို တော်လှန်ရေးအစစ်အမှန်လို့ လက်မခံခဲ့ကြပါဘူး။ ဒီလို လက်နက်ကိုင်   တော်လှန်ရေးသာလျင် အစစ်အမှန်တော်လှန်ရေးဖြစ်တယ်လို့ ပြောဆိုနိုင် သက်သေပြနိုင်တဲ့ အချက် အလက်တွေကလည်း အခိုင်အမာပြနိုင်တဲ့သဘော ရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့ လူငယ်တွေဟာ တော်လှန်ရေးလုပ်မယ်ဆိုရင် လက်နက်ကိုင်တော်လှန်ရေးကိုပဲ ကိုင်ဆွဲချင်ကြပြီး လက်နက်ကိုင် တော်လှန်ရေးနဲ့ အောင်မြင်မှုရလာကြတဲ့ တနည်းအားဖြင့် အာဏာရလာကြတဲ့ တော်လှန်ရေးခေါင်း ဆောင်တွေကို စံနမူထားကြ သင်္ကေတပြုခဲ့ကြပါတယ်။ အဲဒီ လက်နက်ကိုင်တော်လှန်ရေးကိုပဲ အလေးအနက် ထားခဲ့ကြပါတယ်။

ကမ္ဘာကြီးပေါ်မှာ သီဝရီတွေ၊ စံချိန်စံညွှန်းတွေဟာ ၂၀ ရာစုအတွင်းမှာ မယုံကြည်နိုင်အောင် ပြောင်းလဲသွားခဲ့တာတွေ ရှိပါတယ်။ ကမ္ဘာ့လူသားတွေဟာ စံသွေတဲ့ တနည်းအားဖြင့် ယခင်စံ ထားရတဲ့ အယူအဆနဲ့ လုပ်ဟန်တွေကို သွေဖီပြီး တချိန်က အစစ်အမှန်မဟုတ်ဘူးလို့ ယူဆခဲ့ကြတဲ့ အယူအဆနဲ့ လုပ်ဟန်တချို့ကို အစစ်အမှန်များဖြစ်တယ်လို့ ပြောင်းလဲယူလာကြပြန်ပါတယ်။ လုပ်ဟန်တွေလည်း ပြောင်းလဲလိုက်ကြပါတယ်။ ဥပမာ လက်နက်ကိုင်တော်လှန်ရေးအပေါ် ရှုမြင်သုံး သပ်ပုံတွေဟာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပါတယ်။ လက်နက်မကိုင် အကြမ်းမဖက်တဲ့ ငြိမ်းချမ်းစွာ တော်လှန်ပြောင်းလဲတဲ့နည်းကို ကိုင်တွယ်ယုံကြည်လာခဲ့ကြပြန်ပါတယ်။

တကယ်တော့ တော်လှန်ရေးဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့စကားလို တစ်ဦးနဲ့တစ်ဦး ပုတီးစေ့နဲ့ပေါက်ကြရတာမျိုးမဟုတ်ဘူးဆိုတာသိပေမယ့် တော်လှန်ရေးရဲ့ အန္တိမရည် မှန်းချက်ဟာ ခေတ်တစ်ခေတ်ကနေ ခေတ်တစ်ခေတ်ကို ကူးပြောင်းဖို့ ကြိုစားရတာဖြစ်လို့ ခေတ်ပြောင်းမယ်ဆိုရင် လက်နက်ကိုင်တော်လှန်ရေးပဲဖြစ်ဖြစ် လက်နက်မဲ့တော်လှန်ရေး ပဲဖြစ်ဖြစ် ပြောင်းလဲလို့ရမယ်ဆိုရင် နှစ်ခုစလုံးကို ကိုင်စွဲကြရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်းလက်ရှိကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုရေချိန်၊ လက်ရှိကမ္ဘာကြီးရဲ့ ချဉ်ခြင်းတပ်မှုက ယဉ်ကျေးစွာ ကူးပြောင်းတဲ့ တော်လှန်ရေး နည်းနာကိုပဲ ပိုပြီး ကိုင်စွဲကျင့်သုံးလာတာ တွေ့ရပါတယ်။အတိအကျပြောရရင် လက်နက်ကိုင်တော် လှန်ရေးနည်းကို ယဉ်ကျေးတဲ့ကမ္ဘာကြီးက စိတ်ဝင်စားမှုနည်းလာတဲ့သဘောပါပဲ။

ဒါ့အပြင် ဒီကနေ့ခေတ် စဉ်းစားပုံစဉ်းစားနည်းက တော်လှန်ရေးဆိုတာ အစိုးရတစ်ခုကိုဖြုတ် ချပြီး နောက်ထပ်အစိုးရသစ်တစ်ခုတက်လာနိုင်ရုံအထိသာ ရည်မှန်းလို့မရပဲ နောက်တက်လာတဲ့ အစိုးရဟာ သူယုံကြည်ထုတ်ဖေါ်ပြောဆိုထားတဲ့ တည်ဆောက်ရေးအလုပ်တွေ အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ စစ်မှန်တဲ့တော်လှန်ရေး သို့မဟုတ် တော်လှန်ရေးတာဝန်ပြီးဆုံးတယ်လို့လည်း ယူဆလာကြပါတယ်။ ဒါကြောင့်မို့ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ အစိုးရအာဏာ ရရှိလာကြတဲ့ တော်လှန်ရေးခေါင်းဆောင်တချို့ဟာ တော်လှန်ရေးရဲ့နဂုံးချုပ် အန္တိမတာဝန်ဖြစ်တဲ့ တိုင်းပြည်ထွန်း ကား တိုးတက်အောင် ဆက်လက်မလုပ်ဆောင်နိုင်ပဲ အာဏာရှင်များ ပြန်ဖြစ်လာတတ်တာမျိုးတွေဟာ ကမ္ဘာ့လူသားထုကို လက်တွေ့ သင်ခန်းစာယူလို့ရအောင် ဖန်တီးပေးနေသလိုပါပဲ။

မိမိတို့နိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာလည်း လက်နက်မဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ တော်လှန်ရေးနည်းနာ မှန်ကန်ကြောင်း တချို့တဝက်အားဖြင့် လက်တွေ့သက်သေပြတဲ့ သဘော တွေ့ကြရပါတယ်။ လက်နက်မကိုင် ငြိမ်းချမ်းစွာတော်လှန်ရေးလုပ်ရင်းနဲ့ အာဏာရှင်စနစ်ရဲ့ အခြေခံအ ဆောက်အအုံတွေ တစ်ခုပြီးတစ်ခု ချိနဲ့လဲပြိုလာနေတာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ လူငယ်တွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာနေတဲ့ တော်လှန်ရေး နည်းနာတွေကို၊ တနည်းအားဖြင့် ခေတ်ပြောင်းအောင်လုပ်တဲ့ ခေတ်ပြောင်းနည်းနာတွေကို အသေအ ချာ စနစ်တကျလေ့လာပြီး လတ်တလော ကိုယ့်နိုင်ငံရဲ့  ခေတ်ပြောင်းစနစ်ပြောင်း အဖြစ်သနစ်တွေကို စောင့်ကြည့် သုံးသပ်စံထားကာ စစ်မှန်တဲ့ အကြမ်းမဖက် ခေတ်ပြောင်း တော်လှန်ရေးများကိုသာ ကိုင်စွဲတတ်ကြဖို့ အရေးကြီးကြောင်း မဇ္ဈိမက အကြံပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly