အနိမ့်ဆုံးအခကြေးငွေ ၃၆၀၀ သတ်မှတ်ချက်အပေါ် အထည်ချုပ်လုပ်ငန်းရှင်များက သဘောထား ထုတ်ပြန်မည်

အနိမ့်ဆုံးအခကြေးငွေ ၃၆၀၀ သတ်မှတ်ချက်အပေါ် အထည်ချုပ်လုပ်ငန်းရှင်များက သဘောထား ထုတ်ပြန်မည်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

ရန်ကုန်၊ ဇူလိုင် ၁ ။            ။ အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့ ရှစ်နာရီစာ ၃၆၀၀ကျပ် တပြေးညီပေးရန် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီမှ သတ်မှတ်အဆိုပြုမှုကို အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ၎င်း၏သဘောထားကို ဇူလိုင် ၂ရက်တွင် ထုတ်ပြန်ကြေငြာသွားမည်ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ဝင်းက မဇ္ဈိမကို ပြော သည်။

"အခု ၃၆၀၀ဆိုတာက အဆိုပြုလိုက်တာပါ၊ သတ်မှတ်လိုက်တာမှ မဟုတ်တာ အဲဒီနှုန်းပေါ် ကျွန်မတို့ လုပ်ငန်းရှင်တွေရဲ့ သဘောထားကို မနက်ဖြန်ကျရင် press  ထုတ်သွားမယ် "ဟု ၎င်းကပြောသည်။

ဇူလှိုင် ၂ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် လုပ်ငန်းရှင်များက သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်မည်ဖြစ်သည်။

အနိမ့်ဆုံး လစာကို တရက် ၃၆၀၀ သတ်မှတ်ပြီးနောက်တွင် အလုပ်သမားများ ဘက်ကလည်း လစာ နှုန်းထားပေါ်မူတည်၍ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ပေးရန် လိုအပ်သည်ဟု UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။

"လုပ်ခလစာနဲ့ပတ်သက်ပြီး အရန်သင့်ဖြစ်ဖို့ လုပ်ရမယ်၊ တချို့လုပ်ငန်းတွေမှာ လုပ်ခနှုန်းထားနဲ့ ထုတ်လုပ်မှုပေါ် အခြေခံပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို သင့်တော်တာကို လုပ်သွားဖို့ပါပဲ"ဟု ၎င်းကပြောသည်။

ဇွန်လ ၂၉ရက်က အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီက သတ်မှတ်လိုက်သည့် အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့ ၃၆၀၀ကျပ်အပေါ် အထည်ချုပ် လုပ်ငန်းရှင်အများစုက ကန့်ကွက်မှုများ ရှိနေသည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားအရေး ဆောင်ရွက်သူ  မသက်သက်အောင်က မဇ္ဈိမကိုပြောသည်။

အနိမ့်ဆုံး တနေ့ လုပ်ခလစာကို အလုပ်သမားများက တနေ့ ၄၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး အထည်ချုပ် လုပ်ငန်းရှင် များက တစ်နေ့ ၂၅၀၀ ပေးရန် အဆိုပြုခဲ့ပြီး အစိုးရကမူ ၃၆၀၀ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"အလုပ်သမားတွေ တောင်းဆိုတဲ့ဟာ တကယ်တန်း တွက်ရင် ၄၀၀၀က မများပါဘူး။ နေစရိတ်စားစရိတ်တွေရှိတယ်။ အဲဒါကို  ၃၆၀၀ နဲ့ဆိုတော့   အလုပ်သမားတွေ ဘက်ကလည်း တောင်းဆိုမှုတွေ လုပ်ဖို့ တော့ရှိတယ်"ဟု ၎င်းကပြောသည်။

အစိုးရ၏ ယခုသတ်မှတ်ချက်ကို ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်မှုများ ရှိခဲ့ပါက ပြင်ဆင်သွားမည်ဖြစ်သည်။ ကန့်ကွက်မှု မရှိပါက ယင်းနှုန်းထားကို အတည်ပြုသွားမည်ဖြစ်သည်။ သို့သော် ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ဦးအောက်ဖြင့် တစ်နိုင်တစ်ပိုင်လုပ်နေသည့် အသေးစားလုပ်ငန်းများအတွက်မူ အကြုံးဝင်မည် မဟုတ်ပေ။

သို့သော် ယင်းသတ်မှတ်ချက် ထွက်ပြီးနောက်ပိုင်းတွင် ဈေးခန်းခ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် တစ်နိုင်တစ်ပိုင် လုပ်နေ သည့် ဆိုင်ရှင်အချို့က လုပ်ငန်းရပ်နားရန်အထိ ဖြစ်ပေါ်နေမှုများလည်း ရှိနေသည်။

သာကေတမြို့နယ် ရန်အောင်မှတ်တိုင်တွင် စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ဒေါ်အေးမြင့်က "အန်တီက ၁၁လပိုင်းလောက် ဆို နားတော့မယ်။ ဆိုင်ခန်းက တစ်လ ၆သိန်းကို ခု ၁၂သိန်းတောင်းတယ်။ နောက်အလုပ်သမားတွေက ရွာကခေါ်တာ ခုနှစ်သောင်း ရှစ်သောင်းပေးရတယ်၊ ကျွမ်းကျင်တဲ့ အကြော်ဆရာဆို တစ်သိန်း ပတ်ခြာလည်အခု ၃၆၀၀ဆိုတော့ သတ်မှတ်မယ် ဆိုရင် အဆင်မပြေဘူး၊ ဆိုင်ကို ပိတ်မယ်လို့ စဉ်းစားတယ်"ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly