ဗီယက်နမ်သမ္မတအဖြစ် ရဲချုပ်က ကျမ်းသစ္စာကျိမ်ဆို

ဗီယက်နမ်သမ္မတအဖြစ် ရဲချုပ်က ကျမ်းသစ္စာကျိမ်ဆို

ဟနွိုင်း၊ ဧပြီ ၂ ။          ။ ဗီယက်နမ်ပါလီမန်က ထရန်ဇိုင်ကွန်အား သမ္မတအဖြစ် ဧပြီ ၂က ကျမ်းသစ္စာကျိမ်ဆိုစေခဲ့ရာ အငြင်းပွားဖွယ် ပြည်တွင်းလုံခြုံရေးအေဂျင်စီတစ်ခု၏ အကြီးအကဲက ကွန်မြူနစ်နိုင်ငံ၏ အာဏာအရှိဆုံးနိုင်ငံရေးရာထူးတစ်ခုကို ရရှိလိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီက ကွန်အား ပါတီ၏ ငါးနှစ်တစ်ကြိမ် ကွန်ဂရက်က တစ်ဦးတည်းသော ယှဉ်ပြိုင်မည့်သူအဖြစ် အဆိုပြုခဲ့ပြီးနောက် ကွန်ကို တရားဝင်အတည်ပြုလိုက်ခြင်းဖြစ်သည်။ ရာထူးမှ နားရတော့မည့် အမျိုးသားညီလာခံသည် စီစဉ်ထားသည်ထက် သုံးလစောကာ အစိုးရသစ်တစ်ခုသို့ အာဏာလွှဲပြောင်းရေး အသွင်ကူးပြောင်းရေးကာလကို ကြီးကြပ်လျက်ရှိသည်။

ဗီယက်နမ်တွင် ဦးစီးခေါင်းဆောင်ဟူ၍ မရှိပေ။ နိုင်ငံကို သမ္မတ၊ ဝန်ကြီးချုပ်နှင့် ကွန်မြူနစ်ပါတီအကြီးအကဲပါ သုံးဦးအဖွဲ့က တရားဝင်ဦးဆောင်လျက်ရှိသည်။ သို့သော်လည်း သမ္မတရာထူးမှာ အခြားသူများ ထက်ပို၍ အခမ်းအနားပိုဆန်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ပါတီသည် အများသဘောတူညီချက်ဖြင့် ရှုပ်ထွေးသော နိုင်ငံရေးစနစ်ကို ဦးဆောင်လျက်ရှိသည်။ ကြီးမားသည့် ဆုံးဖြတ်ချက်များကို ၁၉ ဦးပါ ပေါလစ်ဗျူရိုအဖွဲ့က လျှို့ဝှက်ချမှတ်သည်။

အသက် ၅၉ နှစ်အရွယ် ကွန်သည် ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာနမှ ရဲချုပ်တစ်ဦးဖြစ်သည်။ ယင်းဝန်ကြီးဋ္ဌာနတွင် ကျယ်ပြန့်သည့် အာဏာများရှိပြီး ထောက်လှမ်းရေးသတင်းစုဆောင်းခြင်း၊ ပါတီအား ပြည်တွင်းပြည်ပမှခြိမ်းခြောက်မှုများကို တားဆီးခြင်းတို့ပါဝင်သည့် တရားဝင်လုပ်ပိုင်ခွင့်ရှိသည်။

ဗီယက်နမ်အနေဖြင့် လူ့အခွင့်အရေးတိုးတက်အောင်လုပ်ခြင်းအပြင် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး၊ နှောက်ယှက်၊ ထောင်ချခြင်းတို့အား ရပ်တန့်ပါက အမေရိကန်၏ လက်နက်ပိတ်ပင်မှု အပြည့်အဝရုပ်သိမ်းပေးခြင်း အပါအဝင် ပိုမိုနီးကပ်သော ကုန်သွယ်ရေးနှင့် ကာကွယ်ရေးဆက်ဆံရေး ထူထောင်မည်ဟု အနောက်နိုင်ငံများက ဖိအားပေးလျက်ရှိသည်။

ကွန်အားသမ္မတအဖြစ်အတည်ပြုသည့် ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ် ၄၆၅ဦးအနက် ၄၆၀က ထောက်ခံခဲ့သည်။ ပါတီနှင့် ပြည်သူတို့အပေါ် သစ္စာရှိပါမည်ဟု ကွန်က ကျိမ်ဆိုခဲ့သည်။ ကွန်၏ ပထမဆုံးတာဝန်များတွင် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်အဖြစ် မေလတွင် ရောက်လာမည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly