ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများပေါ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြဿနာ

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများပေါ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြဿနာ

လွန်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကြမ်းတစ်ခုကို အမျိုးသား လွှတ်တော်မှာ အဆိုပြုတင်သွင်းခဲ့ပါတယ်။

ဒီအဆိုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန် ပေးအပ်ရန် ရည်ရွယ်ပြီးမှ တင်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဦးအောင် ကြည်ညွန့်ဟာ ဒီအဆိုကို ဥပဒေကြမ်း ကော်မီတီကိုယ်စား ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးအနေနဲ့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က သူ့အဆိုကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက အခုလို အဆိုတင်သွင်းခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ဧပြီလ ၁ ရက်နေ့မှာပြုလုပ်တဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအ ဝေးမှာ  မဲခွဲ ဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၁၃၇ ၊ ကန့်ကွက်မဲ ၇၀ ၊ ကြားနေမဲ ၂ မဲနဲ့ ဦးအောင်ကြည် ညွန့်ရဲ့ အဆိုကို လွှတ်တော်က အနိုင်ပေး အတည်ပြုလိုက်ပါတယ်။ သည်လိုနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တာဝန်ကို ဆောင်ရွက်ခွင့်ပေးနိုင်ရေး လမ်းပွင့်သွား ရပါတယ်။

ဒီဥပဒေထဲမှာ အခန်း ၅ ခန်းနဲ့ ပုဒ်မ ၈ ခုပါရှိတဲ့အနက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဖွင့်ဆိုတဲ့ အခန်း (၂ ) က လွန်စွာ အရေးကြီးပါတယ်။ ဒီအခန်း ရဲ့ ဖွင့်ဆိုချက်အရဆိုရင် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး လုပ်ငန်းစဉ်ကြီးများဖြစ်တဲ့ ပါတီစုံ ဒီမိုက ရေစီစနစ် ထွန်းကားရေး၊ ဈေးကွက် စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးများကို အကောင်အထည်ဖေါ် ရန်ဆိုတဲ့ ကိစ္စရပ်များကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဦးဆောင်ဆွေးနွေးပိုင်ခွင့် ရှိသူအဖြစ် အရေးပါလှတာ တွေ့ကြရပါတယ်။

တကယ်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရ နိုင်ငံတော်သမ္မတ အရည် အချင်း သတ်မှတ်ချက် အပေါ်မူတည်တဲ့ ဥပဒေအရ သမ္မတဖြစ်ခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာကို ပြန်လည် မျှခြေတဲ့သဘော ဆောင်ရွက် ခဲ့တာဖြစ်တယ်လို့လည်း ဝေဖန်သူတချို့က ထောက်ပြကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်ခွင့် လက်လွှတ်ဆုံးရှုံးသွား ရခြင်းအပေါ် လူထုက စိတ်မချမ်းမြေ့ ခဲ့ကြရပါဘူး။

ဒါပေမယ့်လည်း အခုအခါမှာတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင် အတွင်းမှပဲ အခုလို အောင်မြင်စွာ အတည်ပြုပြဌာန်းပြီး လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ လုပ်ပိုင်ခွင့် ရရှိလာတော့မှာဖြစ်ပါတယ်။

ဒီလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အရေးပါမှုနဲ့ ဂုဏ်သိက္ခာမြင့်မားမှုဟာ တချို့သော နိုင်ငံမှာတော့ နိုင်ငံတော် အဓိပတိသဘော၊ နိုင်ငံတော်ရဲ့ ဥသျောင်သဘော၊ အုပ်ချုပ်မှုအာဏာ အရပ်ရပ်ကို ဂုဏ်သိက္ခာ အပေါ်မူတည်တဲ့ သြဇာရှိသူသဘော ဖြစ်တယ်လို့ မြင်ကြသူတွေကလည်း မြင်ကြပါတယ်။  

လက်ရှိ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီအကူးအပြောင်းဟာ တကမ္ဘာလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြ ရတဲ့သဘော ရှိပါတယ်။ ဒီအပြောင်းအလဲကာလမှာ လွှတ်တော်အတွင်းက ပြုပြင်ပြောင်းလဲရေး လှုပ်ရှား ရုန်းကန်မှုတွေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ဉာဏ်ကစားမှု၊ နိုင်ငံရေး အကွက်အကွင်းများကို ပြည်သူတွေကလည်း စိတ်အားထက်သန်စွာ စောင့်ကြည့်လေ့လာ နေကြမှာကလည်း အသေအချာပါပဲ။ ဒီအပြောင်းအလဲ ကာလမှာ ယခုလို ငြိမ်းချမ်းညင်သာစွာ ပြောင်းလဲဖို့ ကြိုးစားကြတဲ့သတင်းများ ထွက်ပေါ် လာတဲ့အခါ လူထုက အားတက်ရွှင်လန်းစွာ ထောက်ခံကြိုဆိုကြတာကလည်း တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အလားအလာများပဲ ဖြစ်ပါတယ်။

မိမိတို့တိုင်းပြည် ယခုလို အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းညင်သာစွာ ကောင်းမွန်တဲ့ အပြောင်းအလဲများ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြခြင်းဖြင့် မိမိတို့တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေး သာမက ငြိမ်းချမ်းတည်ငြိမ်ရေးကိုပါ အထောက်အကူဖြစ်စေ သည်ဟု မဇ္ဈိမက ရှုမြင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly