တစ်ပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်မှသည် ၂၀၁၇သို့

01 April 2016
တစ်ပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်မှသည် ၂၀၁၇သို့

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ မြန်မာနိုင်ငံနှင့် အနီးပတ်ဝန်းကျင် ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသ အခြေနေတွေနဲ့  လာမယ့်ရက်တွေမှာ ယေဘုယျအားဖြင့် ကြုံတွေ့နိုင်တဲ့ မိုးလေဝသ အခြေနေ ကြိုတင်သုံးသပ်ချက်တို့ကို မဇ္ဈိမ စာဖတ်ပရိတ်သတ်များအတွက် ကောက်နုတ်ဖော်ပြလိုက်သည်။

လက်ရှိအပူချိန်အခြေအနေ

အခုဆိုရင် ရာသီကာလ အပိုင်းခြားအနေနဲ့  ၂၀၁၆ ခုနှစ်ရဲ့ နွေရာသီ ကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နွေရာသီ ကာလတို့ရဲ့ အစဉ်လာတိုင်း မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်တက်လာနေတာ တွေ့ရပါတယ်။ လက်ရှိအချိန်နေမှာတော့ မြန်မာနိုင်ငံမှာ စစ်ကိုင်တိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်၊ မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတောင်ပိုင်းတို့မှာ အပူချိန်အမြင့်ဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ အပူချိန်ဟာ ၄၁ ဒီဂရီမှ ၄၅ ဒီဂရီစင်တီဂရိတ်လောက်ထိ မြင့်တက်နေတာ တွေ့ရပါတယ်။ ကျန်ဒေသတွေမှာတော့ အများအားဖြင့် နေအပူချိန်များဟာ ၃၀ မှ ၄၀ ဒီဂရီစင်တီဂရိတ် အတွင်းမှာ ရောက်ရှိနေကြတာ တွေ့ရပါတယ်။

အယ်နီညိုအခြေအနေ

၂၀၁၆ ခုနှစ်ဟာ အယ်နီညိုနှစ် ဖြစ်နေဆဲ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လလောက်က စတင်ပြီး အယ်နီညို ရာသီဥတု စတင်လာတာဟာ ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ အယ်နီညိုဟာ အားကောင်းဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဝင်ရောက်လာတဲ့ အခါမှာတော့ အယ်နီညို အင်အားများဟာ တစ်စ တစ်နဲ့ပြန်လည် လျော့ကျလာရမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အထိ အယ်နီညိုဟာ အားကောင်းတဲ့ အဆင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လအတွင်း ရောက်တဲ့ အချိန်ကစပြီး အယ်နီညိုရဲ့ အင်အားဟာ အားကောင်းတဲ့ အဆင့်ကနေပြီးတော့ အားအသင့်တင့် ရှိတဲ့အဆင့်ကို တစ်ဖြေးဖြေး လျော့ကျလာနေတာကို တွေ့ရပါတယ်။ နောက်ဆုံး တိုင်းတာချက်ကို မတ်လ ၂၁ ရက်နေ့ တိုင်းတာ ခဲ့ရာမှာ အယ်နီညိုရဲ့ အင်အားကို ဖော်ပြတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက် အီကွေတာ ရပ်ဝန်းမှာ ရှိတဲ့ ပင်လယ်ရေ မျက်နှာပြင်များရဲ့ ပုံမှန်ထက် ပိုမိုမြင့်မားတဲ့ အပူချိန် ပမာဏဟာ ၁.၇ ဒီဂရီစင်တီဂရိတ်ခန့် ရှိနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အယ်နီညိုဟာ တစ်ပါတ်ထက် တစ်ပါတ် အင်အား လျော့ကျ လာနေတာ ဖြစ်တဲ့ အတွက် လက်ရှိအနေထားအရ လာမယ့် ဇွန်လလောက်မှာ အယ်နီညို ဖြစ်စဉ်ဟာ ကုန်ဆုံးမယ်လို့ ခန့်မှန်းရပါတယ်။

ကြားနေရာသီဥတု

ပစိဖိတ် သမုဒ္ဒရာထဲမှာ ရာသီဥတု ဖြစ်စဉ်ဟာ အချိန်နေ သုံးမျိုး ဖြစ်ပေါ်လေ့ ရှိပါတယ်။ ပထမ တစ်မျိုးကတော့ လက်ရှိ ဖြစ်နေတဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့ အယ်နီညို ရာသီဥတု ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အဲဒီရာသီဥတုနဲ့ ဆန့်ကျင်တဲ့ အေးပြီး စွတ်စိုတဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့ လာနီညာ ရာသီဥတု အမျိုးစား ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အယ်နီညိုလည်း မဟုတ် လာနီညာလည်း မဟုတ်တဲ့ ကြားအခြေနေ ဖြစ်တဲ့ ကြားနေ ရာသီဥတုမျိုးလည်း ဖြစ်ပေါ်လေ့ ရှိပါတယ်။ လက်ရှိအနေထားများအရ ၂၀၁၆ ခုနှစ် လက်ရှိဖြစ်ပေါ်နေတဲ့ အယ်နီညိုဟာ တစ်ဖြေးဖြေး အားလျော့လာရမှ လာမယ့် ဇွန်လမှာအယ်နီညို ဖြစ်စဉ်ဟာ ကုန်ဆုံးမယ်လို့ ခန့်မှန်းရရှိပါတယ်။ အယ်နီညိုဖြစ်စဉ် ကုန်ဆုံးတာနဲ့ ပစိဖိတ် သမုဒ္ဒရာရဲ့ ရာသီဥတု ပုံစံဟာ ကြားနေ အဆင့်ကိုကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီကြားနေအဆင့် ရာသီဥတုဟာ ၂၀၁၆ ခုနှစ် ဇွန်လက စတင်ပြီး ဂျုလိုင်လ သြဂုတ်လ စတင်ဘာလ နောက်ဆုံး ပါတ်ထိ ဆက်လက် ရှိနေနိုင်ပြီးတော့ စတင်ဘာလ နောက်ဆုံး အပတ်ရောက်တဲ့ အခါမှာတော့ ပစိဖိတ် သမုဒ္ဒရာရဲ့ ရာသီဥတုဟာ လက်ရှိဖြစ်နေတဲ့ အယ်နီညိုနဲ့ ဆန့်ကျင်တဲ့ လာနီညာ ရာသီဥတုကို ကူးပြောင်း သွားမယ်လို့ သချာၤပုံစံ တွက်ချက်မှုများအရ တွေ့ရှိထားရပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်တဲ့အထိ လာနီညာဟာ ဆက်လက်ဖြစ်ပေါ်နေပြီး အစဉ်လာတိုင်း ဒီဇင်ဘာလမှာ လာနီညာ အားကောင်းဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

၂၀၁၇ လာနီညာ အလားအလာ

အဲဒီနောက် ၂၀၁၇ ခုနှစ် ဝင်ရောက်တဲ့ အခါမှာတော့ လာနီညာ ဖြစ်စဉ်ဟာ တဖြေးဖြေး ပြန်လည် အားလျော့လာပြီး ၂၀၁၇ ဇွန်လလောက်မှာ လာနီညာ ဖြစ်စဉ်ဟာ ပြီးဆုံးသွားနိုင်တယ်လို့ ခန့်မှန်းဖော်ပြ တွက်ချက် ရရှိထားပါတယ်။ လာနီညာ ရာသီဥတု ဖြစ်စဉ်ဟာ များသောအားဖြင့် အေးပြီးစွတ်စိုတဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့ အတွက်ကြောင့် ၂၀၁၇ ခုနှစ်ရဲ့ မိုးရာသီကာလမှာ မိုးများစွာ ရွာသွန်းနိုင်မယ့် အနေထားရှိပါတယ်။ မိုးများစွာ ရွာသွန်းတဲ့ အခါမှာ မြန်မာနိုင်ငံမှာ နောက်က ကပ်ပါလာတတ်တဲ့ သဘာဝဘေးကတော့ ရေကြီးခြင်း ဘေးဖြစ်ပါတယ်။ အဲတာအပြင် လာနီညာနှစ်တွေရဲ့ ထူးခြားမှုက လာနီညာနှစ်တွေမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်လေ့ ရှိပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၁၇ခုနှစ်မှာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အယ်နီညို ရာသီဥတု ဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ထိခိုက်မှုကို နယ်ပယ် ငါးခုမှာ တွေ့နေရပြီ ဖြစ်ပါတယ်။ အပူချိန်လွန်ကဲတဲ့ နွေရာသီကို လက်ရှိကြုံတွေ့နေရပြီး ပူပြင်းတဲ့ နွေရာသီပေါ်မှာ အကြောင်းပြုပြီး ရေရှားပါမှု ပြဿနာ ကြုံတွေ့နေရပြီး ကူးစက်တတ်တဲ့ ရောဂါ ပျံ့ပွား မှုများ စတာတွေကိုလည်း မြန်မာနိုင်ငံမှာ ကြုံတွေ့နေရပါတယ်။ အဲတာအပြင် စိုက်ပျိုးသီးနှံ ထုတ်လုပ်မှုကလည်း အပူချိန်မြင့်ပြီး ခြောက်သွေ့တဲ့ ရာသီဥတု ကြောင့် အထွက်နှုန်းလျော့ကျနိုင်တဲ့ အလားလာများလည်း ရှိနေတာ တွေ့ရပါတယ်။ နောက်ဆုံးတွေ့ရတဲ့ အယ်နီညိုရဲ့ အကျိုးဆက်ကတော့ သဘာဝဘေးတစ်ခုဖြစ်တဲ့ မီးလောင်မှု အန္တရာယ်တွေ နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေရခြင်းပဲ ဖြစ်ပါတယ်။

မုတ်သုန်ကာလ ကြိုတင်ခန့်မှန်းချက်

ဒီအချက်လက်များပေါ်မှာ အခြေခံပြီး လာမယ့် မိုးရာသီကာလမှာ အထူးသဖြင့် မုတ်သုန်ကာလ ဖြစ်တဲ့ မေလရဲ့ ရာသီဥတု များပေါ်မှာ သတိပြုစရာ လေး ရှိနေပါတယ်။ မေလမှာ ထူးခြားတဲ့ ရာသီဥတုဟာ သုံးမျိုး သုံးစားရှိပါတယ်။ ပထမ တစ်မျိုးကတော့ မေလမှာမိုးတိမ်တောင်များ ဖြစ်ပေါ်တတ်တဲ့ ကာလဖြစ်ပါတယ်။ အယ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့် မိုးတိမ်တောင်များဟာ ပိုမိုပြင်းထန်နိုင်ပါတယ်။ အယ်နီညိုရာသီဥတု ဖြစ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ မိုးတိမ်တောင်များအားကောင်းမယ်ဆိုရင် မိုးကြိုးပစ်ခြင်း နေရာကွက်၍ မိုးကြီးခြင်း မိုးသက်လေပြင်း တိုက်ခတ်တတ်ခြင်း လေဆင်နှာမောင်း တိုက်ခတ် တတ်ခြင်း စတာတွေရဲ့ အန္တရာယ်ကို သတိပြုဖို့ လိုမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မိုးကြိုးပစ်ခြင်း အန္တရာယ်ကို လယ်ယာလုပ်ငန်းဝင်ကြမယ့် တောင်သူဦးကြီးများ အနေနဲ့ အထူးသတိထားဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူများဟာ နှစ်စဉ် တစ်ရာထက် ကျော်လွန်နေတာကိုလည်း တွေ့မြင်နေရတာ ၁၀ နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

 မေလမှာ နောက်ထပ် အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုကတော့ မုန်တိုင်းဝင်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီနှစ်မှာ အယ်နီညို နှစ် ဖြစ်နေတဲ့အတွက် လာမယ့် မေလအတွင်း မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်ဖို့ အလားလာများစွာ ဝင်ရောက်နိုင်တယ်လို့ တွက်ချက် ရရှိပါတယ်။ သို့သော်ငြားလည်း မုန်တိုင်း သတင်းကြေငြာချက် ထုတ်ပြန်တဲ့ အခါမှာတော့ သတင်းကိုတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ သို့သော် စောစောက တင်ပြခဲ့သလို အယ်နီညို နှစ်တွေမှာ မြန်မာနိုင်ငံကို  မုန်တိုင်းဝင်ရောက်မှု မရှိတာ အကြောင်းပြုပြီး မုန်းတိုင်း အန္တရာယ် လျော့နည်းနိုင်တယ်လို့ သုံးသပ် ရရှိထားပါတယ်။

မေလမှာ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ မြန်မာနိုင်ငံအတွင်းကို မုတ်သုန်လေ စတင်ဝင်ရောက်တတ်ခြင်း ဖြစ်ပါတယ်။ အယ်နီညိုနှစ် ဖြစ်နေတဲ့အတွက် ၂၀၁၆ခုနှစ် မေလမှာ မြန်မာနိုင်ငံကို မုတ်သုန်ဝင်ရောက်မှုဟာပုံမှန်ထက် နောက်ကျနိုင်ပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို ပုံမှန်ထက် ၁၅ ရက်လောက် နောက်ကျပြီး မေလ ၂၀ ရက်ခန့်မှာ ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသများကိုတော့ ပုံမှန်ထက် ၁၀ ရက်ခန့် နောက်ကျပြီး မေလ ၂၅ ရက်နေ့ခန့်မှာ ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကိုတော့  မုတ်သုတ်လေ ဝင်ရောက်မှုဟာ သိသာ ထင်ရှားမှု မရှိစေဘဲ မြောက်ပိုင်းဒေသများနဲ့ အတူ ဇွန်လ တစ်ရက်နေ့မှာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရတဲ့အတွက် အလယ်ပိုင်း ဒေသအဖို့လည်း မုတ်သုန်ဝင်ရောက်ရောက်မှုမှာ တစ်ပတ်ခန့် နောက်ကျနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

တစ်ပတ်အတွင်း ခန့်မှန်းချက်

လာမယ့်တစ်ပါတ်အတွက် မိုးလေဝသခန့်မှန်းချက်များ ခန့်မှန်းရမယ်ဆိုရင်ဖြင့် လာမယ့်တစ်ပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ အလားလာ မရှိနိုင်သေးဘူးလို့ပဲ ခန့်မှန်းရရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် တိမ် အသင့်တင့် ဖြစ်ထွန်းနိုင်ပြီး မြန်မာကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလည်း အများအားဖြင့် လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့်က တစ်ပေမှ လေးပေခန့်သာ ရှိနိုင်ပါတယ်။ အထူးသဖြင့် သတိထားဖို့ လိုအပ်တာကတော့ လာမယ့် တစ်ပါတ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မွန်းလွဲ ညနေပိုင်း အချိန်ကာလမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုမိုးတိမ်တောင်တွေ ဖြစ်ပေါ်တဲ့ အခါမှာ နေရာကွက် မိုးကြီးတာတွေ မိုးသက်လေပြင်း တိုက်ခတ်တာတွေ လျှပ်စီးလက်တာတွေ မိုးခြိမ်းတာတွေ စတာတွေနဲ့ အတူ မိုးကြိုးပစ်ခြင်း မိုးသီးကြွေခြင်း စတာတွေကလည်း မကြာမကြာ ဖြစ်ပေါ်တတ်လေ့ ရှိပါတယ်။ အထူးသဖြင့်မိုးကြိုးပစ်ခြင်း အန္တရာယ်နဲ့ လေပြင်းတိုက်ခတ်ခြင်း အန္တရာယ်ကိုတော့ သတိပြုဖို့ လိုမှာ ဖြစ်ပါတယ်။

နေ့အပူချိန်များ

နေ့အပူချိန်များ အနေနဲ့တော့ လာမယ့် တစ်ပါတ်အတွင်းမှာ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း  ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့မှာ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ် မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနေနိုင်ပါတယ်။ ကျန်ဒေသများမှာတော့ နေ့အပူချိန်တွေဟာ ၃၀ မှ ၄၀ လောက်ထိ မြင့်မားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအနေနဲ့တော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ဒေသများ ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း  ကချင်ပြည်နယ် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ အလွန်မြင့်မားတဲ့ အဆင့်မှာ ရှိနေနိုင်ပြီး ကျန်ဒေသအားလုံးမှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအဆင့်ဟာ လွန်ကဲတဲ့အဆင့်ကို ရောက်ရှိနေနိုင်ပါတယ်လို့ ခန့်မှန်းရရှိထားပါကြောင်း တင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဝဘေးအန္တရာယ်များမှ အစဉ်ကင်းဝေးနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly