ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံခန့်အပ်မည့် ဥပဒေကြမ်း တပ်မတော်ကန့်ကွက်

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံခန့်အပ်မည့် ဥပဒေကြမ်း တပ်မတော်ကန့်ကွက်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 ။ ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် "နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း" သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဘဲ အမိန့်ထုတ်ပြန်သည့်သဘောဖြစ်
နေသည်ဟု တပ်မတော်သားအမတ်များက ဧပြီလ ၁ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင်
ကန့်ကွက်ဆွေးနွေးကြသည်။

NLDအမတ် ဦအောင်ကြည်ညွှန့်က မတ်လ ၃၀ရက်တွင် တင်သွင်းသော အဆိုပါ ဥပဒေကြမ်းအား ဧပြီလ ၁ရက်၊
လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် ၇ဦးက ဆွေးနွေးကြခြင်းဖြစ်ပြီး ထို(၇)ဦးအနက် တပ်မတော်သား
အမတ်(၃)ဦးက Powew Point များဖြင့် ထောက်ပြကာ ကန့်ကွက်ဆွေးနွေးကြခြင်းဖြစ်သည်။

"ဒီဥပဒေကြမ်း၏ အခန်း(၃) ပုဒ်မ(၄)တွင် လူပုဂ္ဂိုလ်အမည်ဖြင့် ဖော်ပြ၍ ပြဌာန်းထားရာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်
အတွက် သီးသန့်ပြဌာန်းထားတဲ့သဘော သက်ရောက်နေပြီး ဥပဒေပြုရေးအခွင့်အာဏာအသုံးပြုတဲ့ ပြည်ထောင်စုလွှတ်တော်
ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြဌာန်းရမယ့်အစား နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမယ့်
ဥပဒေများကိုသာ ဦးစားပေးပြဌာန်းရမှာဖြစ်ကြောင်း တင်ပြလိုပါတယ်" ဟု တပ်မတော်သားအမတ် ဗိုလ်မှူးကြီး
လှဝင်းအောင်က ဆွေးနွေးသည်။

အဆိုပါ ဥပဒေကြမ်း၏ အခန်း(၃)၊ ပုဒ်မ(၄)တွင်မူ "၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
ပြည်သူများ၏ ယုံကြည်အးကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်" ဟု
ရေးဆွဲထားသည်။

အဆိုပါ တာဝန်ပေးအပ်သည်ဟူသည့် စကားရပ်မှာလည်း အမိန့်ထုတ်ပြန်သည့်သဘောသက်ရောက်နေကြောင်း
ဗိုလ်မှူးကြီး မြင့်ဆွေက ကန့်ကွက်ဆွေးနွေးသည်။

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် ဥပဒေကြောင်းအချင်းအရာအရ တည်ဆဲနိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များကို ကျော်လွန်အဓိပ္ပာယ်သက်ရောက်နေသဖြင့် လည်းကောင်း၊ အကြောင်းချင်းရာ
အားဖြင့်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ဆန့်ကျင်နေကြောင်း တွေ့ရှိရ
ပါသည်" ဟုလည်း ဗိုလ်မှူးကြီးမြင့်ဆွေက လွှတ်တော်တွင် ပြောသည်။

ဥပဒေကြမ်း၏ ရည်ရွယ်ချက်များမှာ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်
ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖြစ်ကြောင်း
ပြဌာန်းထားသည်။

"ယခုဥပဒေကြမ်းပါ ပြဌာန်းချက်များရဲ့ အနက်အဓိပ္ပာယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့် ဆန့်ကျင်ကွဲလွဲ
နေခြင်းတို့ကြောင့် ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဌာန်းသင့်ပါကြောင်း" ဟု
ဗိုလ်မှူးချုပ် ခင်မောင်အေးက ဆွေးနွေးသည်။

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" တွင်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်" ဟု ထည့်သွင်းရေးဆွဲထားသည်။

လွှတ်တော်အမတ် ၇ဦးက ထိုဥပဒေကြမ်းကို ဆွေးနွေးပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းအပေါ်
ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်းမရှိသေးဘဲ လွှတ်တော်အစည်းအဝေးကို တစ်နာရီခန့် ရပ်နားထားသည်။

(နောက်ဆက်တွဲ သတင်းလင့်ခ်>>>>> http://mizzimaburmese.com/article/13022 )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly