အိန္ဒိယမိုးပျံလမ်းပြိုကျမှု သေဆုံးသူ ၂၃ ဦးထိရှိလာ၊ ပြိုကျရခြင်းမှာ ဘုရားသခင်အလိုကျဟု ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျာဆို

အိန္ဒိယမိုးပျံလမ်းပြိုကျမှု သေဆုံးသူ ၂၃ ဦးထိရှိလာ၊ ပြိုကျရခြင်းမှာ ဘုရားသခင်အလိုကျဟု ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျာဆို

ကိုလ်ကတ္တား၊ မတ် ၃၁ ။          ။ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့တွင် ဆောက်လုပ်ဆဲ မိုးပျံလမ်းပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ဧပြီ၁ ရက်နေ့အထိ သေဆုံးသူဦးရေမှာ ၂၃ သို့ရောက်ရှိခဲ့သည်။ ကယ်ဆယ်သူများမှာ ကြီးမားသည့် ကွန်ကရစ်စလက်ပြင်ကြီးများကို ရှင်းလင်းရန် ကရိန်းများ၊ တူ၊ ဖောက်စက်များသုံးကာ ညလုံးပေါက် လုပ်ကိုင်ခဲ့ရသည်။

မီတာ၁၀၀ ခန့်ရှည်သော မိုးပျံလမ်း တစ်ဖက်စွန်းမှ ပြုတ်ကျကာ အောက်ဖက်လမ်းပေါ်ရှိ ခြေလျင်လျှောက်သူများ၊ ကားများပေါ်သို့ဝင်ဆောင့်ခဲ့သည်။ ဖြစ်ပွားသည့်နေရာမှာ မြို့၏အရှေ့ပိုင်း ဂီရစ်ရှိပန်းခြံအနီး စည်ကားသည့် စီးပွားရေးရပ်ကွက်တွင် ဖြစ်သည်။ လူ ၉၀ ကို ကယ်ဆယ်ထားသော်လည်း ကယ်ဆယ်ခဲ့သူများအနက် အများအပြားမှာ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး လူအများအပြားမှာ အပျက်အစီး များအောက်တွင် ပိနေဆဲဟု ရဲမင်းကြီး အာဂျေးတီယာဂီက ရိုက်တာသို့ ပြောသည်။

၂ ကီးလိုမီတာရှည်လျားသော ဗိုက်ဗေကာနန်ဒါမိုးပျံလမ်းကို အိန္ဒိယ၏ IVRCL ကတည်ဆောက်နေခဲ့သည်ဟု ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ၎င်း၏ရှယ်ယာများ ၅ ရာခိုင်နှုန်းကျဆင်း သွားသည်။ ပြိုကျရခြင်းမှာ ဘုရားသခင်ကြောင့်ဟု IVRCL ကုမ္ပဏီ၏ အကြီးတန်းမန်နေဂျာက ပြောကြားလိုက်သဖြင့် နိုင်ငံတစ်ဝန်းက ရှုတ်ချခဲ့ကြသည်။

ဆောက်လုပ်ရာတွင် အရည်အသွေးညံ့ပစ္စည်းတစ်ခုမျှမပါဘဲ ပြိုကျမှုအား စုံစမ်းစစ်ဆေးရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းဆောင်ရွက်ရေးဒါရိုက်တာ အေဂျီကေမာသီက ကုမ္ပဏီ အခြေစိုက်ရာ ဟိုက်ဒြာဘတ်တွင် မတ် ၃၁က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly