ခြောက်လအတွင်း အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၂၀၀ နီးပါးဖြစ်ပွားခဲ့

ခြောက်လအတွင်း အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၂၀၀ နီးပါးဖြစ်ပွားခဲ့
နေပြည်တော်အမြန်လမ်းတွင် မတော်တဆဖြစ်ခဲ့သည့် ယာဉ်များထားရှိရာ နေပြည်တော် မော်တော်ယာဉ် ထိမ်းသိမ်းရေး စခန်းတစ်ခုအား ၂၀၁၄ ခုနှစ်အတွင်းက  တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဇူလိုင် ၁ ။          ။ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်၂၇ရက်အထိ ခြောက်လ ခန့်အတွင်း ယာဉ်မတော်ဆမှု ၂၀၀ နီးပါး  ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်း ရဲမှူးကြီးနေဝင်းက မဇ္ဈိမကိုပြောသည်။

အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများအရ ခြောက်လခန့်အတွင်း ယာဉ်မတော်တဆမှု ၁၉၄ မှု ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၆၇ ဦး ဒဏ်ရာရရှိသူ ၅၄၉ ဦးရှိခဲ့သည်။

အမြန်လမ်း ယာဉ်မတော်တဆမှုများနှင့် ပတ်သက်ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဒု-ရဲအုပ် ဦးစိုးဝင်းက “ယာဉ်မောင်း ပေါ့လျော့ မှုကြောင့် ဖြစ်တာများ ပါ တယ်။ အများအားဖြင့်ကတော့ သတ်မှတ် အရှိန်ထက် ပိုမောင်းတာပေါ့။ သတ်မှတ်ကီလိုက ၁၀၀ အ ထိပဲ မောင်းခွင့်ပေးထားတာပါ။နေ နဲ့ညက ယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်းက အတူတူ လောက်ပါ ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အတွင်းက ယခုလို အချိန်ထိ  ခြောက်လအတွင်း ဖြစ်ပွားခဲ့သည့်  ယာဉ်မတော်တဆမှု ၂၃၆ မှုအနက် သေဆုံးသူဦးရေမှာ ၉၃ ဦးရှိခဲ့ပြီး ဒဏ်ရာရသူဦးရေမှာ ၄၃၈ ယောက်ရှိခဲ့သည်။

ယင်းကဲ့သို့ဖြစ်ပွားနေသည့်  ယာဉ်တိုက်မှုများလျော့ကျစေရန်အရှိန်တိုင်းတာသည့် စက်များထားရှိခြင်း၊ ပညာပေး လက်ကမ်း စာစောင်များဝေငှခြင်း၊ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးခြင်း၊ တာယာကြံခိုင်မှု၊ ယာဉ် အောက်ပိုင်းစစ်ဆေးမှုများကို ပြုလုပ် လျှက်ရှိသည်ဟု အမြန်လမ်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

အမြန်လမ်းမကြီးပေါ်တွင် ရွေ့လျားကင်မရာ နှစ်လုံးကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ရက်တွင် သုံးလ စမ်းသပ် အသုံးပြုခဲ့ပြီးနောက် အဆိုပါ ရွေ့လျားကင်မရာဖြင့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို  အရေး ယူ ခဲ့သည်။

အမြန်လမ်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ကျော်အထက် မောင်းနှင်သည့် ယာဉ်စည်းကမ်းချိုး ဖောက် သည့် ယာဉ်များ ကို ပြစ်ဒဏ်အဖြစ် ရန်ကုန်၊နေပြည်တော်၊ မန္တလေး မြို့များရှိ တရားရုံးများတွင် တရားစွဲဆိုကာ ငွေဒဏ် ၁၅၀၀ ကျပ် သို့မဟုတ် ထောင်ဒဏ်တစ်လ ကျခံစေရန် သတ်မှတ်ထားသည်။

စီးပွားရေးကိစ္စဖြင့် မကြာခဏ အမြန်လမ်းမှ ခရီးသွားလာလေ့ရှိသူ ကိုမင်းသက်က “ လမ်းကဖြူးနေတော့ ကားကိုအရမ်းမောင်း ကြတာလည်းပါပါတယ်။ပြီးတော့ အကွေ့တွေမှာ အတော်သတိထားရတယ်။ အမြန်လမ်းမှာကားမောင်းရင် ဒီပြင်လမ်းတွေမောင်း တာထက် သတိပိုထားရပါတယ်”ဟုပြောသည်။

၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများကြောင့် လူ ၁၁၃ ဦးသေဆုံးခဲ့ပြီး ၆၂၂ ဦး ဒဏ်ရာရရှိခဲ့ ကာ ၂၀၁၄ ခုနှစ်တွင် လူ ၁၅၀ ဦးသေဆုံးခဲ့ပြီး ၈၀၂ ဦး ဒဏ်ရာရခဲ့သည့်အတွက် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု လည်း တိုးလာခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံး၏ စာရင်းဇယားများ သိရသည်။

ယာဉ်မတော်တဆမှုများဖြစ်ပွားပါက  ထိခိုက်ဒဏ်ရာမှုမရှိလျှင် ပုဒ်မ ၂၇၉၊ထိခိုက်ဒဏ်ရာသေးငယ်ပါ က ပုဒ်မ ၃၃၇၊ ဒဏ်ရာပြင်း ထန်ပါက ပုဒ်မ ၃၃၈ နှင့် လူသေမှုရှိပါက ၃၀၄-က ဖြင့် ဥပဒေအရအရေးယူဆောင်ရွက်နိုင်သည်။   ရန်ကုန်- မန္တလေး အမြန်လမ်း မကြီးအား ၂၀၀၉ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly