ပြည်သူ့အတွက် နိုင်ပါဦးလေ

ပြည်သူ့အတွက် နိုင်ပါဦးလေ

မတ် ၃၀ သည် လူထုအောင်ပွဲနေ့ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ နောက်လိုက်များအောက်တွင် ပိပြား ငြိမ်ဝပ်စွာ ရှင်သန်နေထိုင်ခဲ့ရသော လူထုအောင်ပွဲ ဖြစ်သည်။ လူထုသည် ကြိတ်ဝမ်းသာနေကြသည်၊ ဖော်ထုတ်ကာ ဝမ်းသာကြသည်၊ ဖေ့စ်ဘုတ်တွင် ဓာတ်ပုံ၊ သတင်း၊ စတေးတပ်စ် (၎င်းတို့ရင်တွင်း အခြေအနေများ) ဖော်ထုတ်ရေးသား မျှဝေ တင်ပြကြသည်။ တပြည်လုံး ပျော်ရွှင်ကြသည်မှာ ရာစုနှစ်ဝက်တွင် သို့မဟုတ် ဘဝတသက်တာတွင် တကြိမ်သာ ကြုံတွေ့ရသော အဖြစ်မျိုးဖြစ်သည်။

မတ် ၃၀၊ နံနက် ၁၀ နာရီကို လူထုသည် ရိုးရိုးရွရွနှင့် စောင့်ကြသည်၊ လူထုသမ္မတ ဦးထင်ကျော်နှင့် ဒုတိယသမ္မတနှစ်ဦး ကျမ်းသစ္စာကျိန်ဆိုသည်ကို ရုပ်မြင်သံကြားဖန်သားပြင်မှတဆင့် တိုက်ရိုက် မြင်ကြ ရသည်။ လူထုသမ္မတက ပြည်ထောင်စုလွှတ်တော်မှတဆင့် ပြည်သူလူထုသို့ ပထမအကြိမ် ပြောကြားသော မိန့်ခွန်းကို နားဆင်စောကြောကြသည်။ သမ္မတက အရပ်ရှည်သော်လည်း စကားကို လိုတို ရှင်းပြောသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရအောင် ကြိုးပမ်း မည်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပြီး လူထုအကျိုးစီးပွား တိုးတက်အောင် ဖော်ဆောင် မည်ဟုပြော သည်။ ပြည်သူများက ဝမ်းသာကြသည်။

စစ်ဗိုလ်ချုပ်ကြီး သမ္မတဦးသိန်းစိန်က လူထုသမ္မတ ဦးထင်ကျော်ကို ရာထူးနှင့်တာဝန် လွှဲပြောင်းလိုက်သည့် အခမ်းအနားကို သမ္မတအိမ်တော်တွင် ဆက်လက်ကျင်းပသည်ကို ပြည်သူများက ဝမ်းပန်းတသာ ကြည့်ကြပြန်သည်။ စစ်ဗိုလ်ချုပ်ကြီးများသည် ပြည်သူ့ဆန္ဒကို နောက်ဆုံး တကြိမ် လိုက်လျောခဲ့ကြသည်။ မလိုက်လျောလို့လည်း မဖြစ်၊ မဆင်းလိုသော်လည်း ဆင်းပေးခဲ့သည်။ လူထုသည် ၎င်းတို့၏ လက်သန်းလေးများကို မှင်စွန်းပေပြီး တက်တက်ကြွကြွ ထက်ထက်သန်သန်နှင့် အင်တိုက်အားတိုက် အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသည်။ ယင်း၏အကျိုးဆက်အဖြစ် ၅၄ နှစ် ကျော် အတွင်းတွင် လူထုသမ္မတတဦးဖြစ်သူ အမျိုးကောင်းသား ဦးထင်ကျော်ကို ရရှိလိုက်သည်။ ပြည်သူများသည် ၎င်းတို့၏လုပ်ရပ်အတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြသည်။ ဤမြင်ကွင်းသည် အတုမ ဟုတ်၊ ဤမြင်ကွင်းသည် ၎င်းတို့ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

မတ် ၃၀ ဂုဏ်ပြုညစာစားပွဲကို ဆက်ကြည့်ပါဦး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အထူးဧည့်သည်တော်အဖြစ် လူထုသမ္မတဦးထင်ကျော်က ဖိတ်ကြားဧည့်ခံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် လူထုသမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတဖြစ်များဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့ ရှေ့မှထင်ပေါ်နေပြီး မော်မော်ကြွားကြွား ရှိလွန်းလှသည်။ ပြည်သူလူထုသည် ထိုမြင်ကွင်းကိုမြင် ရလျှင် ကျေနပ်ကြမည်မှာ သေချာသည်။

ပြည်သူလူထုက မလိုလားသော်လည်း စစ်အာဏာရှင်များက စိတ်ကြိုက်အချိန်ယူ ရေးဆွဲကာ အတင်းအဓမ္မ အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အရ ဒေါ်အောင် ဆန်းစုကြသည် လူထုက မည်မျှပင် လက်ခံစေကာမူ သမ္မတဖြစ်ခွင့်မရှိပါ၊ သို့မို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်၏ ယုံကြည်ကိုးစားခြင်းကိုခံရသူ ဦးထင်ကျော်က လူထုသမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။ လူထုသည် လူထုခေါင်းဆောင်အား လူထုသမ္မတက နေရာပေးသည်ကို မြင်ရလျှင် ရွှင်ကြမည် ဖြစ်သည်။

လူထုသမ္မတကပင် နေရာပေးခြင်းခံရသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများစွာ ကျေကျေနပ်နပ် အားရပါးရ သီဆိုဖျော်ဖြေကြသည်ကို ကြည်နူးဖွယ် တွေ့ရသည်မှာ မတ် ၃၀ ညချမ်းတွင်ဖြစ်သည်။ မဇ္ဈိမလှိုင်း ကိုရဲလွင်ကို နိုင်ငံတော် စင်မြင့်ထက်တွင် “ခွန်အားဖြည့် မိငယ်” သီချင်း သီဆိုနေသည်ကို တွေ့ရသည်။ ကိုရဲလွင်တို့ ပန်းရဲ့ လမ်းအဖွဲ့သည် စစ်အာဏာရှင်နှင့် နောက်လိုက်နောက်ပါများ ငြိုငြင်သည့် ကြားမှ ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအနှံ့ မြို့ရွာများ၏ လမ်းမများထက်တွင် လူထုအတွက်နှင့် နိုင်ငံရေးအတွက် သီချင်းများကို သီဆိုခဲ့ကြသည်။

လူထုသမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအပြီး ပွဲခင်းထဲတွင် “အရှုံးမပေးနဲ့ မိငယ်ရေ” ပြောသံဆိုသံများ ညံနေအောင် ကြားလိုက်ရသည်။ မိငယ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလို သည်လား၊ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အရှုံးမပေးခဲ့ပါ၊ ညစ်ညစ်ဆိုးဆိုး စစ်အာဏာရှင်တို့အောက်မှ လူထုအတွက် လူထုသမ္မတကို တင်မြှောက်နိုင်အောင် လူထုခေါင်းဆောင် အဖြစ် ဦးဆောင်ကြိုးပမ်း အောင်နိုင်ခဲ့သူဖြစ်သည်။ သူသည် ကိုယ်တိုင် လူထုသမ္မတ မဖြစ်သေးလင့် ကစား အတိုင်းအတာတခုအထိ အောင်နိုင်ခဲ့ပြီဟု ဆိုပါလျှင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးများ ရှုံးနိမ့်နေသော လူထုအောင်နိုင်ရေး၊ မော်ကြွားရေးအတွက် ဆက်လက် ကြိုးပမ်းဖော်ဆောင်ပါမည့်အ ကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly