တောင်ကိုရီးယားပြည့်တန်ဆာများ တရားရုံး၏ အမိန့်ကို ဆန့်ကျင်ကန့်ကွက် အလုပ်လုပ်နိုင်သည့်အခွင့်အရေးကို တောင်းဆို

တောင်ကိုရီးယားပြည့်တန်ဆာများ တရားရုံး၏ အမိန့်ကို ဆန့်ကျင်ကန့်ကွက် အလုပ်လုပ်နိုင်သည့်အခွင့်အရေးကို တောင်းဆို

ဆိုးလ်၊ မတ် ၃၁ ။            ။ လိင်လုပ်သားများအား အပြစ်ပေးသည့် ဥပဒေတစ်ခုကို ပယ်ဖျက်ပေးရန် အသနားခံလွှာတစ်ခုကို အခြေခံတရားဥပဒေတရားရုံးက ပယ်ချလိုက်ပြီးနောက် အလုပ်လုပ်ခွင့်ပြန်ရရေး ကုလသမဂ္ဂထံ အယူခံဝင်မည်ဟု တောင်ကိုရီးယားလှုပ်ရှားတက်ကြွသည့် ပြည့်တန်ဆာများက မတ် ၃၁တွင် ပြောကြားသည်။

ပြည့်တန်ဆာလုပ်ခြင်းသည် တောင်ကိုရီးယားတွင် တရားမဝင်သော်လည်း ၂၀၀၄ခုနှစ်က ပြည့်တန်ဆာများနှင့် ပျော်ပါးသူနှစ်ဖက်စလုံးအား ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဝမ် ၃ သန်း(၁,၈၁၂ပေါင်) ဒဏ်ရိုက်သည့် ပြစ်ဒဏ်များချမှတ်သည့် ဥပဒေမပြဋ္ဌာန်းမီအထိ ယေဘုယျအားဖြင့် ခွင့်လွှတ်ထားခဲ့သည်။ ဥပဒေအရ ပြစ်ဒဏ်ချခံရသော ပြည့်တန်ဆာတစ်ဦး၏ အယူခံကို တရားရုံးက ပယ်ချလိုက်ပြီး ပြည့်တန်ဆာလုပ်ခြင်းသည် လူ့အဖွဲ့အစည်းကို ကြီးမားစွာထိခိုက်ပြီး ဖယ်ရှားပစ်ရန်လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ပြည့်တန်ဆာများအနေဖြင့် အလုပ်သစ်ရှာသင့်သည်ဟု တရားရုံးက ပြောသည်။ ၂၀၀၄ ဥပဒေသည် ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့်ကို ချိုးဖောက်သည်ဟု တက်ကြွလှုပ်ရှားသည့် လိင်လုပ်သား များက ပြောသည်။ "ကျွန်မတို့ဟာ လူတွေပါ။ အလုပ်သမားတွေလည်းဖြစ်ပါတယ်"ဟု ပြည့်တန်ဆာများ၏ တက်ကြွလှုပ်ရှားသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ချန်ဆီဟီးက ပြောသည်။ တရားရုံး၏ ဆုံးဖြတ်ချက်အပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့ တရားရုံးဆုံးဖြတ်ချက်ကို အလျှော့ပေးမှာ မဟုတ်ပါဘူး။ လိင်အလုပ်သမားသမဂ္ဂဖွဲ့ပြီး ကုလအထိတက်မှာပါ"ဟု၎င်းကဆိုသည်။ ၎င်းတို့အဖွဲ့က ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အထိ အယူခံဝင်ဖို့ စီစဉ်ထားကြောင်းလည်း အခြားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကန်ဟွန်ဂျူးက ပြောသည်။

ပြည့်တန်ဆာများအတွက် အလုပ်အကိုင်သစ်ရှာဖွေပေးမည့် အစိုးရကျောထောက်နောက်ခံပြုအစီအစဉ်များမှာ လက်တွေ့မကျဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly