ဗီယက်နမ်တွင် နိုင်ငံတော်ဆန့်ကျင်ရေးဝါဒဖြန့်မှုဖြင့် အမျိုးသမီး ၃ ဦးကိုဖမ်းဆီး

ဗီယက်နမ်တွင် နိုင်ငံတော်ဆန့်ကျင်ရေးဝါဒဖြန့်မှုဖြင့် အမျိုးသမီး ၃ ဦးကိုဖမ်းဆီး

ဟနွိုင်း၊ မတ်၊ ၃၁ ။          ။ ဗီယက်နမ်နိုင်ငံတွင် အမျိုးသမီး ၃ ဦးကို နိုင်ငံတော်ဆန့်ကျင်ရေးဝါဒဖြန့်သည်ဟုဆိုကာ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

နိုင်ငံတော်ဆန့်ကျင်ရေးဝါဒဖြန့်မှုဖြင့် အဖမ်းခံခဲ့ရသောအမျိုးသမီး ၃ ဦးမှာ ၂၀၁၄ ခုနှစ်က ဟိုချီမင်းမြို့ ဆန္ဒပြပွဲတစ်ခုတွင် အလံများ ကိုင်ဆောင်ဆန္ဒပြခဲ့သူများဖြစ်သည်။

အဆိုပါအမျိုးသမီး ၃ ဦးအနေဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၄ နှစ်အထိကျခံဖွယ်ရှိနေပြီး ထောင်မှလွတ်မြောက်ပြီးနောက်တွင် လည်း နေအိမ်အကျယ်ချုပ် ၂ နှစ်ထပ်မံကျခံသွားရဖွယ်ရှိနေသည်။

ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်တွင် အစိုးရဆန့်ကျင်သူများကို နိုင်ငံတော်ဆန့်ကျင်မှုဖြင့် မကြာခဏဖမ်းဆီး အရေးယူလေ့ရှိသည်။

ယခုအဖမ်းခံရသောအမျိုးသမီး ၃ ဦးသည် အသက် ၅၀ ကျော်အရွယ်များဖြစ်ကြပြီး မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ မကျေနပ်သဖြင့် ဗီယက်နမ်စစ်ပွဲအတွင်းတုန်းက အမေရိကန်   ကျောထောက်နောက်ခံပြု   တောင်ဗီယက်နမ်အလံများကို ကိုင်ဆောင်ကာ ဆန္ဒပြမှုဖြင့် အဖမ်းခံရခြင်း ဖြစ်သည်ဟု ဒေသတွင်းသတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်အပတ်ကလည်း ဗီယက်နမ်အာဏာပိုင်များသည် နာမည်ကျော် ဘလော့ဂါတစ်ဦးဖြစ်သည့် ငုယင်ဟူဗင် ကို နိုင်ငံတော်မူဝါဒများအပေါ်အယုံအကြည်မဲ့စေသည့် ခိုင်မာမှန်ကန်မှုမရှိသော အရေးအသားများ ဖြန့်ဝေမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly