လမ်းကြောင်းလွှဲထားသောငွေစာရင်းများဖြင့် မလေးရှားဝန်ကြီးချုပ် ဇိမ်ခံပစ္စည်း အမြောက်အများဝယ်ယူဟု သတင်းထွက်

လမ်းကြောင်းလွှဲထားသောငွေစာရင်းများဖြင့် မလေးရှားဝန်ကြီးချုပ် ဇိမ်ခံပစ္စည်း အမြောက်အများဝယ်ယူဟု သတင်းထွက်

ကွာလာလမ်ပူ၊ မတ်၊ ၃၁ ။        ။ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်ခ်သည် ခြေရာခံရမလွယ်ကူစေရန် လမ်းကြောင်းလွှဲထားသော ငွေစာရင်းများ ကိုသုံးပြီး တန်ဖိုးကြီးဇိမ်ခံပစ္စည်းအမြောက်အများ ဝယ်ယူခဲ့ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဘဏ်စာရင်းမှတ်တမ်းများကို စစ်ဆေးမှုအရ ဝန်ကြီးချုပ်နာဂျစ်သည် ပြည်ပနိုင်ငံများမှ တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် အဝတ်အစားများအပါအဝင် ဇိမ်ခံပစ္စည်း အမြောက်အများကို လမ်းကြောင်းလွှဲထားသောငွေစာရင်းများ အသုံးပြုပြီးဝယ်ယူ ခဲ့ကြောင်း တွေ့ရှိရသည်ဟု ဝေါလ်စထရိဂျာနယ်လ်က ယနေ့ရေးသားဖော်ပြလိုက်ခြင်းဖြစ်သည်။

မစ္စတာနာဂျစ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းတွင် အမေရိက၊ ဥရောပ နှင့် မလေးရှားနိုင်ငံတို့တွင် ပုဂ္ဂိုလ်ရေး အသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော်အထိသုံးစွဲခဲ့သည်ဟု   ဝေါလ်စထရိဂျာနယ်ကဖော်ပြခဲ့သည်။

ဘဏ်စာရင်းမှတ်တမ်းများအရ မစ္စတာနာဂျစ်သည် တန်ဖိုးကြီးအဝတ်အထည်လက်လီအရောင်းလုပ်ငန်းတစ်ခုတွင် အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်သုံးစွဲခဲ့ပြီး အီတလီလက်ဝတ်ရတနာဆိုင်တစ်ဆိုင်တွင် ယူရို ၇၇၅၀၀၀ သုံးစွဲခဲ့ကာ မစ္စတာနာဂျစ်၏ ဇနီး ရို့စ်မာမန်ဆာမှာ ယင်းလုပ်ငန်း ၂ ခုစလုံး၏ ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်သည်ဟုလည်း ဝေါလ်စထရိ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရို့စ်မာမန်ဆာသည် တန်ဖိုးကြီးပစ္စည်းများဝတ်ဆင်သုံးစွဲလေ့ရှိသူအဖြစ် မလေးရှားနိုင်ငံတွင် လူသိများသူဖြစ်ပြီး  သူမ၏ အလွန်အကျွံဖြုန်းတီးမှုများအကြောင်းကိုလည်း မီဒီယာများတွင်ခေါင်းကြီးပိုင်းမှ မကြာခဏမြင်တွေ့ရလေ့ရှိသည်။

ဝန်ကြီးချုပ်နာဂျစ် နှင့် ဇနီးဖြစ်သူတို့၏ ထိုသုံးစွဲမှုများထဲမှ အချို့ကို အလွဲသုံးစားမှုအရှုပ်တော်ပုံတွင် ပါဝင်ပတ်သတ်နေ သော ဘဏ်များထဲကတစ်ခုနှင့် ချိတ်ဆက်မှုရှိသည့် အကြွေးဝယ်ကဒ်ကို အသုံးပြုကာ  ငွေပေးချေထားကြောင်း ဝေါလ်စထရိဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။

ဝန်ကြီးချုပ်နာဂျစ်သည် ၂၀၁၃ ခုနှစ်ရွေးကောက်ပွဲမတိုင်မီကာလက သူ၏ပုဂ္ဂလိကဘဏ်စာရင်းအတွင်းသို့ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ခန့်လွှဲပြောင်းပေးမှုတစ်ခု လက်ခံရရှိခဲ့ကြောင်း   ပေါ်ပေါက်ခဲ့ပြီးနောက်တွင် ငွေကြေးအလွဲသုံးစားမှု အတွက် မသင်္ကာဖြစ်ခံရလျှက်ရှိသည်။

မစ္စတာနာဂျစ်ကမူလက်ရှိထွက်ပေါ်နေသော အလွဲသုံးစားမှုသတင်းများအားလုံးကို ငြင်းဆန်ထားပြီး သူ့အနေဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့မှု လုံးဝမရှိကြောင်း   ငြင်းချက်ထုတ်ထားသည်။

မလေးရှားနိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်သော 1MDB ကလည်း ဝေါလ်စထရိဂျာနယ်၏ စွပ်စွဲချက်များမှာ သက်သေခိုင်မာမှုမရှိသလို ၎င်းတို့အနေဖြင့် မည့်သည့်ပုဂ္ဂိုလ်ရေး ဘဏ်စာရင်းအတွင်းကိုမှ   ငွေလွှဲပေးခဲ့ခြင်း မရှိကြောင်း ပြောကြားထားသည်။

သို့ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းတွင်လည်း မစ္စတာနာဂျစ်နှင့် ဆက်နွယ်နေသော ပုဂ္ဂလိကဘဏ်စာရင်းများသို့ ငွေလွှဲပြောင်းပေးမှုများဆက်လက်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့်အထိပင်ရှိနိုင်သည်ဟူသော သတင်း များလည်း ထပ်မံထွက်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly