ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သားများ၏ ကြွင်းကျန်ရစ်သော အရိုးများကို တောင်ကိုရီးယားပြန်ပို့

ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သားများ၏ ကြွင်းကျန်ရစ်သော အရိုးများကို တောင်ကိုရီးယားပြန်ပို့

ဆိုးလ်၊ မတ် ၃၁ ။          ။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကာလတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ဒါဇင်ပေါင်းများစွာ၏ ကြွင်းကျန်ရစ်သော အရိုးများကို ဇာတိနိုင်ငံတွင် နောက်ဆုံးသဂြိုဟ်ရန် တောင်ကိုရီးယားက တရုတ်နိုင်ငံသို့ မတ် ၃၁ တွင်ပြန်ပို့ခဲ့သည်။

လွန်ခဲ့သည့်နှစ် မတ်လမှ နိုဝင်ဘာလအထိ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဋ္ဌာနက တူးဖော်ခဲ့သော တရုတ်စစ်သား ၃၆ ဦး၏ ရုပ်အလောင်းအကြွင်းအကျန်များ ထည့်ထားသော အခေါင်းများကို မတ် ၃၁က တောင်ကိုရီးယား အင်ချွန်လေဆိပ်မှ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ရှန်ယန်းမြို့သို့ လေယာဉ်ဖြင့် ပြန်ပို့ခဲ့သည်။ တရုတ်က ရှန်ယန်းတွင် နိုင်ငံတော်စစ်သင်္ချိုင်းတစ်ခု လုပ်ပေးထားသည်။

တနင်္လာနေ့က သီးခြားအခမ်းအနားတစ်ခုတွင် အရိုးများ၊ ဦးခေါင်းခွံများအပါအဝင် ရုပ်အလောင်းအကြွင်းအကျန်များကို မြောက်ကိုရီးယားနှင့် နယ်စပ်အနီး ပါဂျူးရှိ ယာယီရင်ခွဲရုံတွင် အခေါင်းများအတွင်းသို့ ထည့်သွင်းခဲ့သည်။ ၂၀၁၃က တောင်ကိုရီးယားသမ္မတပတ်ဂွန်ဟေး ပေကျင်းသို့ အလည်အပတ်ရောက်ရှိစဉ် စိတ်ကောင်းစေတနာကို ပြသသည့်အနေဖြင့် စစ်ပွဲတွင်းက ကျဆုံးခဲ့သည့် တရုတ်စစ်သားများ၏ ရုပ်အလောင်းအကြွင်းအကျန်များ တရုတ်သို့ ပြန်ပို့လိုသည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုစဉ်ကတည်းက ဆိုးလ်သည် တရုတ်တို့၏ နှစ်စဉ် သင်္ချိုင်းဂူသန့်ရှင်းရေးပွဲတော်( တရုတ်လို ချင်းမိန်ကျယ်) မတိုင်မီ အလောင်း ၅၀၅လောင်း၏ အကြွင်းအကျန်များကို လေကြောင်းမှ ပေးပို့ခဲ့ပြီးဖြစ်သည်။ ပွဲတော်ကာလတွင် လူအများသည် ဘိုးဘေးများ၏ ဂူသင်္ချိုင်းများကို သွားရောက်၍ သန့်ရှင်းရေးလုပ်ကြသည်။ ယခုနှစ်ပွဲတော်မှာ ဧပြီ ၄တွင်ကျရောက်သည်။

တရုတ်သည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် မြောက်ကိုရီးယားဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြောက်ကိုရီးယားစစ်တပ်ကို ကျွန်းဆွယ်၏ မြောက်ဖျားစွန်းသို့ ရောက်ရှိအောင် တွန်းအားပေးနိုင်ချိန်တွင် အရေးပါသည့် စွက်ဖက်မှုပြုလုပ်ခဲ့သည်။

ကိုရီးယားစစ်ပွဲတွင် တရုတ်စစ်သားများကျဆုံးမှုနှင့် ပတ်သက်၍ ယခုတိုင်အငြင်းပွားနေဆဲဖြစ်သည်။ အနောက်နိုင်ငံများ၏ ခန့်မှန်းချက်အရ တရုတ်စစ်သား ၄၀၀,၀၀၀ခန့် သေဆုံးခဲ့ပြီး တရုတ်သတင်းရင်းမြစ်များကမူ ၁၈၀,၀၀၀သာ ကျဆုံးခဲ့သည်ဟု ဆိုသည်။ အလောင်းများကို မူလက နိုင်ငံတစ်ဝန်းပြန့်ကျဲနေသော မြေကွက်ငယ်များတွင် မြုပ်နှံခဲ့သည်။

၁၉၉၆ခုနှစ်က ဆိုးလ်သည် ပါဂျူးတွင် အထူးသင်္ချိုင်းမြေကွက်တစ်ခုကို သတ်မှတ်ခဲ့သည်။ မြောက်ကိုရီးယားစစ်သား ၇၀၀ကျော်၏ရုပ်အလောင်းကိုလည်း ပါဂျူးတွင် မြုပ်နှံခဲ့သည်။ သို့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ကျိုးကြားကျိုကြားပြုလုပ်ခဲ့သော်လည်း ဆိုးလ်၏ ကမ်းလှမ်းချက်ကို ပြုံယမ်းက လစ်လျူရှုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly