အပြောင်းအရွှေ့စျေးကွက် တရားဝင်စဖွင့်တဲ့နေ့မှာ ပရိသတ်စိတ်အဝင်စားဆုံး အပြောင်းအရွှေ့သတင်းများ

အပြောင်းအရွှေ့စျေးကွက် တရားဝင်စဖွင့်တဲ့နေ့မှာ ပရိသတ်စိတ်အဝင်စားဆုံး အပြောင်းအရွှေ့သတင်းများ

ဇူလိုင် ၁။ ။ ယနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ဥရောပဘောလုံးလောကရဲ့ အပြောင်းအရွှေ့ဈေးကွက် တရားဝင် ဖွင့်လှစ်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီပြီးကတည်းကနေ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့အထိ ပြီးမြောက်သွားတဲ့ အပြောင်းအရွှေ့တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူက ဒီပေးကို ခေါ်ယူမှု၊ အာဆင်နယ်က ပီတာချက်ကို ခေါ်ယူမှုတို့လောက်သာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေအဖြစ် ဖြစ်မြောက်ခဲ့ပြီး အသင်းကြီး အများစုရဲ့ ကစားသမားခေါ်ယူမှုက ရုပ်လုံးပေါ်ခြင်း သိပ်မရှိသေးပါဘူး။

ဘယ်အသင်းကြီးကတော့ ဘယ်သူ့ကို လိုက်နေတယ်ဆိုတာလောက်ပဲ ရှိပါတယ်။ အခုအချိန်အထိလည်း အသင်းကြီးတွေဟာ သူတို့လိုချင်တဲ့ ကစားသမားတွေကို ရရှိဖို့ ကြိုးစားနေကြရဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာ အပြောင်းအရွှေ့ဈေးကွက်ထဲ နာမည်ကြီးနေတဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့အချို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်/ပြင်သစ်)
----------------------------------
တန်ဖိုး - ပေါင် ၇၁ သန်းဝန်းကျင်
စိတ်ဝင်စားနေသည့်အသင်း - မန်စီးတီး၊ ချယ်လ်ဆီး၊ ဘာစီလိုနာ

ဒီပြင်သစ်ကွင်းလယ်ကစားသမားကို ဥရောပထိပ်သီးကလပ် တော်တော်များများက စိတ်ဝင်စားနေကြတာပါ။ မန်စီးတီးအသင်းကတော့ ပေါ့ဂ်ဘာကို ခေါ်ယူလိုကြောင်း တရားဝင် ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း အီတလီအထိသွားပြီး ဂျူဗင်တပ်စ်အသင်းက တာဝန်ရှိသူတွေနဲ့တွေ့ကာ ပေါ့ဂ်ဘာကို ရရှိဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ အော်စကာကို အသုံးချပြီး ပေါ့ဂ်ဘာကို ရရှိဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာကိုယ်တိုင်က ဘာစီလိုနာကို သွားဖို့ အလိုရှိနေပါတယ်။ ရီးယဲလ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့နောက်ကွယ်မှာ ရှိနေကြပါတယ်။

စတာလင်း(လီဗာပူးလ်/အင်္ဂလန်)
-------------------------------------
တန်ဖိုး - ပေါင်သန်း ၅၀
စိတ်ဝင်စားနေသည့်ကလပ် - မန်စီးတီး၊ ချယ်လ်ဆီး

စတာလင်းကို မန်စီးတီးအသင်းက နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းထားပြီး ဖြစ်ပေမယ့် လီဗာပူးလ်အသင်းက ပယ်ချခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ရဲ့ ၂၀ ရာခိုင်နှုန်းကို ကျူပီအာအသင်းထံပေးရမှာ ဖြစ်တာကြောင့် စတာလင်းအတွက် ပေါင်သန်း ၅၀ လောက် အလိုရှိနေပါတယ်။ လီဗာပူးလ်တို့ဟာ ကစားသမားသစ် ခြောက်ဦးအထိခေါ်ယူထားပြီး ထပ်မံ ခေါ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။ ဒါကြောင့် စတာလင်းရဲ့ အပြောင်းအရွှေ့က သူတို့ အသုံးစရိတ် ဖြစ်လာနိုင်ပါတယ်။ စတာလင်းကိုယ်တိုင်က အသင်းပြောင်းလိုကြောင်း ပြောဆိုထားတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက်သေချာနေတယ်လို့ ပြောရမှာပါ။

ဆာဂျီယိုရာမို့စ် (ရီးယဲလ်/စပိန်)
---------------------------------
တန်ဖိုး - ပေါင် ၃၅ သန်း
စိတ်ဝင်စားနေသည့်ကလပ် - မန်ယူ

ဆာဂီယိုရာမို့စ်ဟာ လစာငွေကိစ္စရပ်နဲ့ ပတ်သက်ပြီး ရီးယဲလ်အသင်းတာဝန်ရှိသူတွေနဲ့ အခြေအတင် ဖြစ်ခဲ့ရာက အသင်းပြောင်းဖို့ ဖြစ်လာခဲ့တာပါ။ မန်ယူအသင်းက စိတ်ဝင်စားတယ်ဆိုတဲ့ အချိန်မှာ ရာမို့စ်ကလည်း အသင်းပြောင်းလိုတယ်လို့ ရီးယဲလ်ကို အကြောင်းကြားခဲ့ပါတယ်။ စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးလို့ လျော်ကြေးငွေက များပြားလွန်းနေပြီး ရာမို့စ်ကို ခေါ်ယူဖို့ ခက်နေတာပါ။ ရီးယဲလ်အသင်းက ဒီဂီယာကို အလိုရှိနေတာကြောင့်လည်း သူတို့နှစ်သင်းကြားက အပြောင်းအရွှေ့ဇာတ်လမ်းက ပိုရှုပ်နေတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက သူတို့ကစားသမားတွေကို လက်မလွှတ်လိုကြပေမယ့် ကစားသမားတွေက အသင်းပြောင်းချင်နေကြပါတယ်။

ဘန်တီကီ(ဗီလာ/ဘယ်လ်ဂျီယံ)
---------------------------------
တန်ဖိုး - ပေါင် ၃၂ ဒသမ ၅ သန်း
စိတ်ဝင်စားနေသည့်အသင်း - လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီး

တိုက်စစ်ပိုင်းအားနည်းနေတဲ့ လီဗာပူးလ်အသင်းက ဘန်တီကီကို အဓိက ခေါ်ယူလိုနေတာပါ။ ဘန်တီကီကလည်း လီဗာပူးလ်ကို ပြောင်းချင်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီကမှ စာချုပ်သစ်ချုပ်ခဲ့တဲ့ ဘန်တီကီရဲ့ စာချုပ်ပါ လျော်ကြေးငွေက လီဗာပူးလ်အတွက် အခက်အခဲ ဖြစ်နေတာပါ။ ဘန်တီကီကို ချယ်လ်ဆီးနဲ့ စပါးတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ ဘန်တီကီဟာ သူပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းကိုသာ ပြောင်းရွှေ့လိုနေပါတယ်။ ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ပါတယ်။

အာဒါတူရန်(အက်သလက်တီကို/တူရကီ)
---------------------------------------------
တန်ဖိုး - ပေါင် ၂၈ သန်းဝန်းကျင်
စိတ်ဝင်စားနေသည့်အသင်း - ချယ်လ်ဆီး၊ ဘာစီလိုနာ

စပိန်နဲ့ ဥရောပမှာ အက်သလက်တီကိုအသင်း အောင်မြင်မှုတွေ ရရှိခဲ့ရာမှာ အာဒါတူရန်က အဓိကကျတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ တန်ကြေးက မြင့်နေတာပါ။ ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ အာဒါတူရန်ကလည်း အသင်းပြောင်းလိုကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း အတိအလင်း ဝန်ခံထားပါတယ်။ အက်သလက်တီကို အသင်းဘက်ကတော့ ချယ်လ်ဆီးနဲ့သာ အပြောင်းအရွှေ့ကိစ္စဖြစ်လာမယ် ဆိုရင် ဘရာဇီးနောက်ခံလူ ဖိလစ်ပီလူးဝစ္စကို အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပြန်လိုချင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါက အပြောင်းအရွှေ့တရားဝင်စဖွင့်တဲ့ ဒီနေ့မှာ အလှုပ်ခတ်ဆုံးနဲ့ လူစိတ်ဝင်စားမှု အများဆုံး အပြောင်းအရွှေ့သတင်းတွေ ဖြစ်ပါတယ်။

အခြားစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့သတင်းတွေကတော့ ဆောက်သမ်တန်ကွင်းလယ်လူ ရှနိုက်ဒါလင်ကို မန်ယူ၊ စပါးနဲ့ အာဆင်နယ်တို့က ခေါ်ယူဖို့ ကြိုးစားနေကြတဲ့သတင်း၊ ပီတာချက်နေရာမှာ အစားထိုးဖို့ စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ချယ်လ်ဆီးက လိုက်နေတဲ့သတင်းနဲ့ တန်းဆင်းသွားတဲ့ ကျူပီအာအသင်းက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး အော်စတင်ကို နယူးကာဆယ်၊ ဝက်စ်ဘရွန်း၊ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့က ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

ဥရောပထိပ်သီးလိဂ်ငါးခုမှာ အသင်းပေါင်းက ၉၈ သင်းရှိတဲ့အတွက် အခြားအပြောင်းအရွှေ့သတင်းတွေလည်း အများကြီး ရှိနေပါတယ်။ ဖြစ်ပေါ်လာမယ့် အပြောင်းအရွှေ့တွေကို လက်လှမ်းမီသလောက် ဆက်လက်ဖော်ပြသွားပါဦးမယ်။

ကိုးကား - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly