ဖိလစ်ပိုင်သမ္မတဟောင်းကတော်အေမယ်လ်ဒါမားကို့စ်၏ လက်ဝတ်ရတနာများကိုပြပြီး ချစားမှုတိုက်ဖျက်ရေး လှုံ့ဆော်

ဖိလစ်ပိုင်သမ္မတဟောင်းကတော်အေမယ်လ်ဒါမားကို့စ်၏ လက်ဝတ်ရတနာများကိုပြပြီး ချစားမှုတိုက်ဖျက်ရေး လှုံ့ဆော်

မနီလာ၊ မတ်၊ ၃၀ ။         ။ ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏ ဇနီး အေမယ်လ်ဒါမားကို့စ်ပိုင်ဆိုင်ခဲ့ဖူးသည့် လက်ဝတ်ရတနာများကို အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးလှုံ့ဆော်ရာတွင် အသုံးပြုသွားခဲ့သည်။

ထိုလက်ဝတ်ရတနာများသည် ဖိလစ်ပိုင်တွင် လူထုအုံကြွမှုများဖြစ်ပေါ်ကာ ဖာဒီနန်မားကို့စ် ရာထူးမှဖြုတ်ချခံရပြီးနောက် ၎င်းတို့ဇနီးမောင်နှံ ဟာဝိုင်အီသို့ထွက်ပြေးတိမ်းရှောင်စဉ် အမေရိကန် အကောက်ခွန်အရာရှိများက သိမ်းဆည်းမိခဲ့သော လက်ဝတ်ရတနာများဖြစ်သည်။

ယခုကဲ့သို့ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး လှုံ့ဆော်ရာတွင် မားကို့စ်၏လက်ဝတ်ရတနာများကို အသုံးပြုခြင်းဖြင့် မားကို့စ်ခေတ်က အလွန်အကျွံဖြုန်းတီးခဲ့မှုများကို လက်ရှိမျိုးဆက်များ   ပြန်လည်အမှတ်ရသိရှိလာအောင် သတိပေးရာ ရောက်လိမ့်မည်ဟု ဖိလစ်ပိုင်အစိုးရကပြောကြားသည်။

အေမယ်လ်ဒါမားကို့စ်သည် ဖိနပ်အရံပေါင်းများစွာ သိမ်ဆည်းစုဆောင်ထားသူအဖြစ်နှင့်လူသိများခဲ့ပြီး တန်ဖိုးကြီးဇိမ်ခံ ပစ္စည်းများအတွက် နိုင်ငံဘဏ္ဍာငွေများစွာ သုံးစွဲခဲ့သူလည်း ဖြစ်သည်။

ဖာဒီနန်မားကို့စ် အာဏာရယူထားခဲ့သည့် ၁၉၆၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်ထိကာလအတွင်းတွင် ၎င်း၏မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အပေါင်းအပါများသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံလောက်အထိ ကျောက်မျက်ရတနာများ၊ ငွေသား နှင့် အခြားပိုင်ဆိုင်မှုများစွာကို စုဆောင်းမိခဲ့ကြသည်။

၁၉၉၀ လွန်နှစ်များအတွင်းတွင် အေမယ်လ်ဒါမားကို့စ်ကို အကျင့်ပျက်လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အယူခံဝင်ပြီး ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ရ သွားခဲ့သည်။

လာမည့် မေလတွင်ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် မားကို့စ်၏ မိသားစုဝင်အချို့ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေစဉ်တွင် ယခုကဲ့သို့ အေမယ်လ်ဒါမားကို့စ်၏ လက်ဝတ်ရတနာများကိုသုံးပြီး အကျင့်ပျက်ချစားမှုလှုံ့ဆော်သည့် အစီအစဉ်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကောင်းမွန်သောအစိုးရပေါ်ထွက်ရေးကော်မရှင်သည် မားကို့စ်၏ လက်ဝတ်ရတနာများကို အင်တာနက် လူမှုကွန်ယက်များပေါ်တွင်လည်း မတ်လ၊ ၁၆ ရက်နေ့ကတည်းက ပြသနေခဲ့ပြီး လက်ဝတ်ရတနာတစ်ခုချင်းစီကို လူအများစု၏ အခြေခံလိုအပ်ချက်များ၊ လုပ်အားခများနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် တန်ဖိုးရှိသည့် ယင်းလက်ဝတ်ရတနာများကို လေလံတင်ရောင်းချသွားမည်ဟုလည်း ဖိလစ်ပိုင်အစိုးရက ကြေညာထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly