ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးခေတ်တစ်ခေတ်ရဲ့ ရှေ့ဆောင်လမ်းပြများ

30 March 2016
ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးခေတ်တစ်ခေတ်ရဲ့ ရှေ့ဆောင်လမ်းပြများ

မြန်မာ့နိုင်ငံရေး ဒီမိုကရေစီအကူးအပြောင်းကို အကြမ်းမဖက်ရေးမူနဲ့ ညင်သာစွာ ဦးဆောင်ကိုင်တွယ်ခဲ့သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။

လူထုခေါင်းဆောင်ဟာ မြန်မာပြည်သူလူထုကို ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့နိုင်ငံရေးလမ်းစဉ်ကိုသာ လျှောက်စေချင်သူဖြစ်ပြီး နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့ရတဲ့ အမျိုးသားသွေးကွဲမှုကြီး နိဂုံးချုပ်စေဖို့ အမျိုးသား ရင်ကြားစေ့ရေးမူကို လက်ကိုင်ထားသူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အဖက်ဖက်မှ တိုးတက်ဖွံ့ဖြိုးစေချင်သူဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံရေးနိုးကြားမှုရှိအောင်၊ တစ်ဦးနဲ့တစ်ဦး လေးစားတတ်အောင်၊ ပြည်သူတစ်ဦးချင်းစီမှာရှိတဲ့ တန်ဘိုးကို သိရှိနားလည်လာအောင်၊ လမ်းညွှန်ပေးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်ဖြစ်တဲ့ ကလေးငယ်တွေရဲ့စိတ်ဓါတ်ကို အခြေခံကစပြီး ပြုပြင်လိုက်နိုင်အောင်၊ စည်းကမ်းရှိတဲ့ နိုင်ငံကြီးသားတွေ ဖြစ်လာအောင်၊ နိုင်ငံသားအချင်းချင်း မျှဝေခံစားတတ်အောင် ကိုယ်တိုင်လုပ်ပြပြီး လူထုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့ခေါင်းဆောင်တွေကပါ အသိအမှတ်ပြုလေးစားတဲ့ လူထုခေါင်းဆောင်ကို ထူးချွန်ထက်မြက်တဲ့ မြန်မာ့အမျိုးသမီးများ စုစည်းတင်ဆက်မှုမှာ ဦးစွာပထမ ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို ပြသခဲ့ကြတဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူး ၄၂ ဦး ရှိပါတယ်။ ဒါဟာ တနိုင်ငံလုံးက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၆၇၈၅ ယောက်ထဲမှာ ၄၂ ဦးပဲပါဝင်တဲ့အနေအထားဖြစ်ပြီး တိတိကျကျ တွက်ချက်ကြည့်ရင်တော့ ဝ. ၂၅ ရာခိုင်နှုန်းသာရှိတာကို တွေ့ကြရမှာပါ။ ဒီလိုအနေအထားဟာ ကြေနပ်စရာကောင်းတဲ့ အနေအထားမဟုတ်ဘူးဆိုတာ သိပေမယ့် အဲဒီ ၄၂ ဦးဟာဖြင့် မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ခေတ်ရဲ့ ရှေ့ဆောင်လမ်းပြများရယ်လို့တော့ သတ်မှတ်လို့ ရပါတယ်။ အဲဒီအမျိုးသမီး ၄၂ ဦးဟာ ရပ်ကျေးအဆင့်မှာ ပါဝင်မှုဖြစ်ပြီး မြို့နယ်အဆင့်မှာဆိုရင် အမျိုးသမီး အုပ်ချုပ်ရေးမှူး တစ်ယောက်မှ မရှိသေးဘူးလို့ သိရပါတယ်။

 ဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးအမျိုးသမီးတွေဟာ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေ၊ အိမ်ထောင့်တာဝန်တွေအပြင် အခြားစိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါသေးတယ်။ ဒါပေမယ့် ကျရာတာဝန်တွေကို အမျိုးသားတွေနဲ့ ရင်ဘောင်တန်း ထမ်းဆောင်နိုင်ခဲ့ကြတဲ့အပြင် နောင်အနာဂတ်မှာ အမျိုးသမီးခေါင်းဆောင်တွေ ထွက်ပေါ်လာအောင် တွန်းအားပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့အသိုက်အဝန်းထဲက ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးများအကြောင်း စုစည်းမိတ်ဆက်တဲ့အထဲ ထည့်သွင်း မှတ်တမ်းတင်လိုက်ပါတယ်။

နောက်ထပ် မှတ်တမ်းတင်မယ့်သူကတော့ ကရင်အမျိုးသမီး ဒေါက်တာ စင်သီယာမောင် ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ မြန်မာနိုင်ငံရဲ့ အလေးစားရဆုံး လူထုအကျိုးဆောင် အမျိုးသမီးတစ်ဦးအဖြစ် တောင်ကိုရီးယားနိုင်ငံအခြေစိုက် အိုင်အယ်လ်ဂျီအေ ဖေါင်ဒေးရှင်းက ရွေးချယ်ပေးအပ်တာဖြစ်ပြီး ၂၀၁၅ ခု စက်တင်ဘာလ ၅ ရက်နေ့မှာ ဒီဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း ခံရပါတယ်။ ဒီဆုဟာ သက်ဆိုင်ရာနယ်ပယ်အလိုက် ပြောင်မြောက်စွာ ဆောင်ရွက်နေသူ အာရှသားတွေကို ရွေးချယ်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းကို ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံကနေ ထိုင်းမြန်မာနယ်စပ်ကိုရောက်လာတဲ့ ဒုက္ခသည်တွေ၊ မိဘမဲ့ကလေးတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ နာမကျန်းဖြစ်လာတဲ့အခါမှာ ကုသစောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်။ ဆေးခန်းစတင်တည်ထောင်စဉ် ၁၉၈၉ ခုနှစ်မှာ ဒီလုပ်ငန်းကို တိတ်တဆိတ် လုပ်ကိုင်ခဲ့ရပေမယ့် အခုအချိန်မှာတော့ စေတနာ့ဝန်ထမ်းတွေအပါအဝင် ၁၂၀ ပါဝင်တဲ့ အခမဲ့ကျန်းမာရေး ဆေးခန်းကို ဦးဆောင်နေပြီဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်းတင် ဂုဏ်ပြုမယ့်သူကတော့ ကချင်တိုင်းရင်းသူ သတင်းစာဆရာမ မအက်စတာထုဆံ ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံက သတင်းစာဆရာမ သုံးဦးနှင့်အတူတွဲပြီး ဆု ချီးမြှင့်ခံရပါတယ်။ သူဟာ အင်ဒိုနီးရှားနိုင်ငံက ပင်လယ်စာစက်ရုံအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့ ရေလုပ်သားတွေအကြောင်းကို စုံစမ်းဖေါ်ထုတ် ရေးသားနိုင်ခဲ့တဲ့အတွက်ကြောင့် ဒီဆုကို ရခဲ့တာပါ။ ဒီသတင်းအတွက် တစ်နှစ်ကျော် အချိန်ယူပြီးရေးခဲ့ရပေမယ့် ဒီသတင်းဆောင်းပါးကြောင့် လူ့အခွင့်အရေးချိုးဖေါက်ခံနေရတဲ့ ရေလုပ်သား ၂၀၀၀ ကျော် လွတ်မြောက်လာခဲ့ကြရပါတယ်။

နောက်တစ်ယောက်ကို မိတ်ဆက်ပေးချင်ပါသေးတယ်။ သူကတော့ အာရှကာယဗလမယ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ ကာယကြံ့ခိုင်မှုအလှမယ် နန်းလောင်ခမ်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခု အောက်တိုဘာလ ၅ ရက်က ဥစဘက်ကစ္စတန်နိုင်ငံမှာပြုလုပ်သွားတဲ့ ၄၉ ကြိမ်မြောက် အာရှ ကာယဗလနဲ့ ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို နန်းလောင်ခမ်း ရယူပေးခဲ့တာပါ။ ပြိုင်ပွဲနောက်ဆုံးအဆင့်မှာ ဗီယက်နမ်၊ တရုတ်နဲ့ တာကစ္စတန်နိုင်ငံတွေ ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာပါ။ ကာယဗလမယ် နန်းလောင်ခမ်းဟာ မန္တလေးတိုင်း လက်ရွေးစင်တစ်ဦးဖြစ်ပြီး ကာယကြံ့ခိုင်မှုကစားနည်းကို ၂၀၁၄ ခုမှ စတင်ကစားခဲ့ပါတယ်။ စတင်ကစားပြီး တစ်နှစ်အတွင်းမှာပဲ နိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ပရဟိကလုပ်ငန်းကနေ တိုင်းပြည်ဖွ့ံ့ဖြိုးရေးကို ဦးတည်ဖို့ ဦးဆောင်လှုပ်ရှားနေသူ ခင်နှင်းကြည်သာ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရယ်ကျရောက်ရာအရပ်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နေတဲ့ တကိုယ်တော်ပရဟိတသမားများကို ဦးဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဒေသခံတွေကိုယ်တိုင် ကိုယ့်ဒေသကိုယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် ပရဟိတလုပ်ငန်းကနေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နိုင်အောင် ဒေသခံတွေကို တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို သိရှိနားလည်အောင် စည်းရုံးဟောပြောပေးပြီး ကိုယ်တိုင်လည်း ခက်ခဲကြမ်းတမ်းတဲ့နေရာတွေအထိ သွားရောက်ကူညီပေးနေသူဖြစ်ပါတယ်။ ကွန်ရက် စတင်ထူထောင်စဉ်က မြိုင်မြို့နယ်မှာတည်ရှိတဲ့ တောတိုက်ရွာငယ်လေးတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီး အခုအချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပရဟိတအဖွဲ့ချင်း ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်းရမယ့်သူကတော့ အခမဲ့လူနာတင်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လူနာတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ မရွှေကြာဖြစ်ပါတယ်။ အခက်အခဲရှိတဲ့ လူနာတွေကို သယ်ပို့ပေးဖို့ အခမဲ့ကူညီနေတဲ့ ရှင်းသန်ရေးကူညီမှုအသင်းကို ဦးဆောင်လှုပ်ရှားနေသူဖြစ်ပြီး အခုဆိုရင် ရန်ကုန်ဆေးရုံကြီးနဲ့ ဗဟိုအမျိုးသမီး ဆေးရုံကြီးမှာ နံနက်စာ အာဟာရကျွေးတဲ့အလုပ်ကိုပါ ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ မရွှေကြာဟာ ဒီလို ပရဟိတအလုပ်တွေကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ကိုယ်ချင်းစာစိတ်နဲ့ စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပရဟိတအလုပ်ထဲ ခြေစုံပစ် ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ အကူအညီပေးဖို့အတွက် အချိန်ပြည့်ရှိနေပြီး ဂရုတစိုက် ကူညီပေးတဲ့အတွက် အခုဆိုရင် လူနာတွေရဲ့ ယုံကြည်ကိုးစားမှုကိုပါ ရရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လုပ်အားပေး ကူညီသူတွေ၊ လူနာတင်ယာဉ် လှူဒါန်းသူတွေ၊ မနက်စာအာဟာရလှူဒါန်းသူတွေနဲ့ ရှင်သန်ရေးအဖွဲ့ကို ဆက်လက် လုပ်ဆောင်နေစဲဖြစ်ပါတယ်။

အခုနောက်ဆုံး မှတ်တမ်းတင် ဂုဏ်ပြုမယ့်သူကတော့ အဆိုတော် သရုပ်ဆောင် ချစ်သုေ၀ ဖြစ်ပါတယ်။ အကြိမ် ၇၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုပြီး ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ငါးနှစ်ရောက်ဖို့ ဒို့တတွေကူညီစို့ အစီစဉ်ကို ထောက်ခံအားပေးတဲ့ အထူးသံတမာန်အနေနဲ့ ညီလာခံကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တာဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ချစ်သုဝေအနေနဲ့ ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၁၇ ချက်ထဲမှာ တကိုယ်ရေသန့်ရှင်းရေးကိစ္စ ပါဝင်နိုင်ရေးနဲ့ ပညာပေးလှုံ့ဆော်မှုတွေဟာ ကုလသမဂ္ဂရဲ့ကူညီပံ့ပိုးမှု ရရှိဖို့အတွက် မြန်မာနိုင်ငံကိုယ်စားပြု ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှုလျှော့ကျရေးလုပ်ငန်းတွေအပြင် စစ်ဘေးရှောင်စခန်းတွေ၊ သဘာဝဘေးသင့်ရာဒေသတွေဆီ သွားရောက်ပြီးတော့လည်း တကိုယ်ရေသန့်ရှင်းရေးကိစ္စ၊ စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးကိစ္စတွေ လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ချစ်သုဝေကိုလည်း မြန်မာ့အသိုက်အဝန်းထဲက ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးများ မှတ်တမ်းတင်မှုထဲ ထည့်သွင်း မှတ်တမ်းတင်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly