ပရိသတ်ရှေ့ တကျော့ ပြန်ရောက်လာသည့် ရဲလေး

ပရိသတ်ရှေ့ တကျော့ ပြန်ရောက်လာသည့် ရဲလေး
ဓာတ်ပုံ - သက်ကို ၊ မဇ္စျိမ
 

ရန်ကုန် ၊ ဇူလိုင် ၁ ။         ။ အိမ်ထောင်ကျပြီးနောက် ဂီတ လောကနှင့် နှစ် နှစ်ကျော်ကြာ ဝေးကွာ ခဲ့သည့် အဆိုတော် ရဲလေး က နောက်တစ်ခေါက် အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် နှင့် ပရိသတ်ကြားကို ပြန်လည် ရောက်ရှိ လာပြီ ဖြစ်သည်။

အဆိုတော် ရဲလေး၏ နောက်တစ်ခေါက် တစ်ကိုယ်တော် တေးအယ်ဘမ်နှင့်ပတ်သက်သည့်  စာနယ်ဇင်း ရှင်းလင်းပွဲကို ဇူလိုင် ၁ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရဲလေး၏ အခွေတွင်  ဇနီးဖြစ်သူ အေးမြအောင် ကိုယ်တိုင်  Featuring အနေဖြင့် ပါဝင် သီဆို ထားပြီး အမုန်းမရှိတဲ့ဘ၀ တေး သီချင်းကို အတူ သီဆို ထားခြင်းဖြစ်သည်။ ထို တစ်ကိုယ်တော် အယ်ဘမ် အတွက် တစ်နှစ်ခွဲကြာ အချိန်ယူ ပြင်ဆင် ခဲ့ရပြီး Featuring အဆိုတော်များ အဖြစ် ဟဲလေး ၊ ဂျိုကာ ၊ စည်သူနှင်းမိုး ၊ အေးမြအောင်တို့က ပါဝင် သီဆို ထားသည်။

အဆိုတော် ရဲလေးက "နောက်တစ်ခေါက် ပရိသတ် နဲ့ ထိတွေ့ တွေ့ဆုံပြီး အတူတူ ပျော်မယ် အတူတူ တင်ဆက်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စီးရီး Title အဖြစ် ပေးခဲ့ဖြစ်တာပါ။ အရင်ခွေတွေနဲ့ ထူးခြားတာ အများကြီးပါပါတယ်။ အရင်အခွေ တွေ တုန်းက ကျွန်တော် ၁၄ပုဒ် ၊ ၁၅ပုဒ် ဆိုပြီး ပါဝင်တယ်။ ဒီအခွေမှာတော့ ၇ပုဒ်ပဲ ပါပါတယ်။ ၇ပုဒ်ကို စာသားရော အတီးပိုင်းရောကို အချိန် ယူပြီး တင်ဆက် ထားပါတယ်" ဟု ပြော သည်။

Hip Hop ၊ R&B အမျိုးအစား တေးသီချင်း ၇ပုဒ်  ပါဝင်ပြီး ကိုယ်ပိုင် သံစဉ်များ ဖြစ်ကာ တစ်ခွေလုံး ကို ရဲလေး က ရေးသား ထားခြင်း ဖြစ်သည်။ String စတူဒီယိုတွင် အသံသွင်း ထားပြီး မျိုးကျော် (String) ၊ ကျော်ကျော်ထွန်း ( Hi-Bird) ၊ Hi-Bird Band ၊ ဂျိုကာ တို့က တီးခတ် ပေးထားသည်။

အဆိုတော် ရဲလေး၏ ၇ခွေမြောက် တစ်ကိုယ်တော် တေးစီးရီးကို ဇူလိုင် ၁၂ရက်တွင် Bo Bo Music Production မှ ဖြန့်ချိ မည် ဖြစ်ပြီး ထိုနေ့တွင်ပင် နေ့လည် ၂နာရီမှ ၆နာရီ အထိ Junction Square (Indoor) ၌ ပါဝင်သည့် အဆိုတော်များမှ လက်မှတ် ရေးထိုး သီဆို ဖျော်ဖြေမည် ဖြစ်သည်။

ရဲလေးသည် ကျွန်တော်နှင့်သက်ဆိုင်သော အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ်ကို ၂၀၀၂ ခုနှစ်တွင် စတင် ထွက်ရှိ ခဲ့ပြီး အိမ် ၊ First Live Concert ၊ တတိယ ကာရန် ၊ ရကောက်ဘဝဖြင့် နေထိုင်ခြင်း စသည့် တစ်ကိုယ်တော် အခွေများ ထွက်ရှိ ခဲ့ပြီး  တေးသီချင်း ၂ပုဒ် ပါဝင်သည့် SWAG ဟု အမည် ပေးထားသည့် Mini Album ကို အွန်လိုင်းတွင် ရောင်းချ ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly