နှစ် ၅၀ကျော်အတွင်း ပထမဆုံး အရပ်သား သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်း

နှစ် ၅၀ကျော်အတွင်း ပထမဆုံး အရပ်သား သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်း
ကျမ်းသစ္စာကျိန်ဆိုရန် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတတို့ လွှတ်တာ်သို့ မတ်လ ၃၀ ရက်နေ့ နံနက်က ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)
 

လွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ။

ဒီပြည်ထောင်စု လွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့ အညီ  ကျွန်တော်က ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့  ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မူဝါဒများနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။

ယခု အစိုးရသစ်အနေဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်တန်း တိုးတက်မြင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

လွှတ်တော်နာယကကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့  နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ။ ဒီနေ့ ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော် သမ္မတ အဖြစ် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။   နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင်းတနေတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်ထည်ပေါ်လာရေးအတွက် စိတ်ရှည်သီးခံပြီးဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။

 နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ   ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ ဘဝလမ်းကြောင်းကို  ဖြောင့်တန်းစွာ လျောက်လှမ်းနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly