အသိမ်းဆည်းခံလယ်ယာမြေကိစ္စများ ဦးစားပေးဆောင်ရွက်သွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ်သစ်ပြော

အသိမ်းဆည်းခံလယ်ယာမြေကိစ္စများ ဦးစားပေးဆောင်ရွက်သွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ်သစ်ပြော

မကွေး၊ မတ် ၂၉ ။ ။ မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်အြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ပွင့်ဖြူ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုက တိုင်းအတွင်း အသိမ်းဆည်း ခံလယ်ယာမြေအရေးကိစ္စများကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

၎င်းက မတ် ၂၉ရက် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ သတ္တမနေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုပြီးနောက် မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားစဉ် ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ရွေးကောက်ပွဲကလည်း ချောချောမွေ့မွေ့ပြီးသွားတယ်။ တတိုင်းပြည်လုံးမှာ ပြတ်ပြတ်သားသားနိုင်တာ ဘယ်အဖွဲ့ဆိုတာ ပြည် တွင်းပြည်ပ အားလုံးက လက်ခံတယ်။ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ကလည်း အသိအမှတ်ပြုတယ်။ တပ်မတော်ကလည်း လက်ခံတယ်။ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရာမှာ ပထမဦးစားပေးအနေနဲ့ အသိမ်းဆည်းခံလယ်ယာမြေ အရေးကိစ္စတွေကို ဆောင်ရွက်သွားမယ်။" ဟု မကွေးတိုင်းဝန်ကြီးချုပ်၊ ဒေါက်တာအောင်မိုးညိုက ပြောသည်။

ယနေ့ မကွေးတိုင်းလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပွင့်ဖြူမဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုအား ကန့်ကွက်သူမရှိ သဘောတူအတည်ပြုခဲ့ပြီး ၎င်း၏အမည်စာရင်းနှင့် စပ်လျဉ်း၍ (၂၀၁၃)ခုနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာ နည်းဥပဒေ(၅၃)အရ တိုင်းလွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူထံ ပေးပို့သွားမည်ဖြစ်သည်။

ထို့ပြင် ဒုတိယအကြိမ်၊ မကွေးတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက် (ကြာသပတေးနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly