မီးဘေးသင့် ညောင်ပင်သာတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန် နှင့် မိုးအမှီ စိုက်ပျိုးရန် ခက်ခဲနေ

မီးဘေးသင့် ညောင်ပင်သာတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန် နှင့် မိုးအမှီ စိုက်ပျိုးရန် ခက်ခဲနေ
မတ်လ ၁၆ရက်က ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည့် မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာမြင်ကွင်း။ (ဓာတ်ပုံ-ဒေါင်းလူ)

မကွေး၊ မတ် ၂၉ ။           ။ မတ်လ ၁၆ရက်က ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည့် မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာ တောင်သူများသည် ဧပြီလအကုန် မိုးဦးကျရာသီ၌ ယာမြေလုပ်ငန်းခွင် ဝင်ရောက်ရန် ခက်ခဲနေသည့်အပြင် ယခင်က ထုတ်ယူခဲ့သော စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်နိုင်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

မီးလောင်ခဲ့စဉ်အခါက ပဲ၊ နှမ်းမျိုးစေ့များအပြင် ယာမြေလုပ်ငန်းခွင်သုံး ပစ္စည်းများနှင့် ရွာအတွင်းရှိ နွားလှည်း(၇၀)ရာခိုင်နှုန်း ဆုံးရှုံးခဲ့သည့်အတွက် ယခုနှစ် ယာမြေထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်ရန် မလွယ်ကူတော့ခြင်း ဖြစ်သည်ဟု ဒေသခံတောင်သူ ဦးညွန့်ဝေက ပြောသည်။ ထိုသို့ ဆုံးရှုံးမှုများကြောင့် လတ်တလော စားဝတ်နေရေးပါ ခက်ခဲနေပြီး စိုက်ပျိုးစရိတ်ချေးငွေများ
ပြန်ဆပ်ရန်လည်း  အခက်အခဲရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။

"စိုက်ဖို့ ပျိုးဖို့ ဘာမှ မကျန်တော့ဘူး။ စိုက်ပျိုးစရိတ်ချေးငွေတွေကို နိုင်ငံတော်က လျှော်ပေးစေချင်တယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ အနေအထားအရ ဘယ်လိုမှ ဆပ်နိုင်မှာမဟုတ်ဘူး။ မဆပ်နိုင်တဲ့အပြင် ထပ်ချေးဖို့တောင် လိုနေတယ်။" ဟု ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဘုန်းမော်ရွှေ ညောင်ပင်သာကျေးရွာသို့ လာရောက်စဉ်က ထွန်ယက်စိုက်ပျိုးရန် မျိုးစေ့များထောက်ပံ့မည်ဟု ကတိပြုခဲ့သော်လည်း ယနေ့အချိန်အထိ   တောင်သူတွေလက်ထဲ ရောက်မလာသေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"ပေးမယ်လို့သာဆိုတယ်။ ဒီနေ့အထိ ဘာမှမသိရသေးဘူး။ ကျွန်တော်တို့တောင်သူတွေအတွက် တစ်ကယ်လိုအပ်နေတာ ယာမြေ လုပ်ကိုင်ခွင့်ရဖို့ အထောက်အပံ့တွေဖြစ်ပါတယ်။ လတ်တလော စားဖို့သောက်ဖို့ကတော့ ဖူလုံတာပဲလေ။အလှူရှင်တွေ မရှိတော့ရင် ဘာသွားစားမတုန်း။" ဟု ဆိုသည်။

မီးဘေးသင့်တောင်သူများ၏ လူမှုဘဝပြန်လည်ထူထောင်နိုင်ရန်နှင့် ယာမြေလုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရန် မကွေးမြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂက အသေးစိတ်အချက်အလက်များ လိုက်လံကောက်ခံလျက်ရှိသည်။ ထို့ပြင် ပေးဆပ်ရန်ကျန်ရှိသော စိုက်ပျိုးစရိတ်ချေးငွေကိစ္စကိုလည်း တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် လာမည့် တိုင်းဒေသကြီးအစိုးရ လက်ထက်တွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခင်မောင်သိန်းက ဆိုသည်။

"စိုက်ပျိုးစရိတ်ချေးငွေကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နဲ့ ဆွေးနွေးတိုင်ပင်ထားတာတွေ ရှိပါတယ်။ လာမယ့် တိုင်းဒေသကြီး အစိုးရလက်ထက်မှာ အဆင်ပြေအောင် ဆောင်ရွက်သွားမယ်။ မျိုးစေ့ကိစ္စအတွက်လည်း  အကူအညီပေးနိုင်ဖို့ သမဂ္ဂအစည်းအဝေးထိုင်ထားတယ်။ အခု တောင်သူစာရင်းနဲ့လိုအပ်တာတွေ အသေးစိတ်စာရင်း ပြုစုနေတယ်။ လိုအပ်သလို အစွမ်းကုန် အကူအညီပေးသွားမယ်။" ဟု ပြောသည်။

မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် မတ်(၁၆)ရက်၊ မွန်းလွဲ(၁)နာရီက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး၊ အိမ်ခြေ(၂၀၀)အနက် (၁၈၂) အိမ် လောင်ကျွမ်းပျက်စီးခဲ့သည်။ မီးဘေးသင့်ပြည်သူများအား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly