အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီး ပြန်ပေးဆွဲခံရ

အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီး ပြန်ပေးဆွဲခံရ

ကိုင်ရို၊ မတ်၊ ၂၉ ။             ။ အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီးကို ခန္ဓာကိုယ်ပေါ်တွင် အသေခံဗုံးခွဲခါးပါတ် ပတ်ထားသော ခရီးသည်တစ်ဦးက ပြန်ပေးဆွဲထားသည်။

ပြန်ပေးသမားသည် လေယာဉ်မှူးကိုခြိမ်းခြောက်ပြီး လေယာဉ်ကိုမူလလမ်းကြောင်းမှာပြောင်းကာ ဆိုင်ပရက်စ်တွင် ဆင်းသက်ခိုင်းထားသည်။

Airbus A320 အမျိုးအစား MS 181 လေယာဉ်သည် အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယားမြို့မှ မြို့တော်ကိုင်ရို သို့ပျံသန်းစဉ် ယခုကဲ့သို့ ပြန်ပေးဆွဲခံထားရခြင်း ဖြစ်သည်။

အသေခံဗုံးခွဲခါးပတ် ဝတ်ဆင်ထားသော ခရီးသည်တစ်ဦးက သူ့ကိုခြိမ်းခြောက်ကာ ဆိုက်ပရက်စ်နိုင်ငံ၊ လာနာကာ မြို့သို့ ဆင်းသက်ခိုင်းကြောင်း လေယာဉ်မှူးက သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့ခဲ့ကြောင်း အီဂျစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြန်ပေးဆွဲခံထားရသောလေယာဉ်ပေါ်တွင် ခရီးသည် ၅၆ ဦး၊ လေယာဉ်အမှုထမ်း ၇ ဦး နှင့် လုံခြုံရေးဝန်ထမ်းတစ်ဦးတို့ လိုက်ပါသွားကြောင်း နောက်ပိုင်းထုတ်ပြန်မှုများအရ သိရသည်။

ပြန်ပေးသမားသည် လက်ရှိအချိန်ထိ တစ်စုံတစ်ရာတောင်းဆိုထားခြင်း မရှိသေးဘဲ လာနာကာလေဆိပ်တွင် လေယာဉ် ဆင်းသက်ပြီးနောက်တွင် အီဂျစ်လူမျိုးခရီးသည်အားလုံးကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော်လေယာဉ်အမှုထမ်းများနှင့် အီဂျစ်လူမျိုးမဟုတ်သော ခရီးသည် ၅ ဦးမှာလက်ရှိအချိန်ထိ လေယာဉ်ပေါ်တွင် ကျန်ရှိနေဆဲဖြစ်သည်။

ရဲများကိုလေယာဉ်အနီးသို့ ကပ်မလာရန် ပြန်ပေးသမားက ခြိမ်းခြောက်ပြောဆိုနေသည်ကိုလည်း ရုပ်သံသတင်းများတွင် တွေ့မြင်ရသည်။

ဆိုက်ပရက်စ်အာဏာပိုင်များနှင့် အီဂျစ်မှတာဝန်ရှိသူများသည် ပြန်ပေးသမားနှင့်ညှိနှိုင်းနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဟု အီဂျစ်လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် လာနာကာလေဆိပ်ကို ပိတ်ထားပြီး လေယာဉ်ခရီးစဉ်များအားလုံးကိုလည်း ရွှေ့ဆိုင်းခြင်း၊ နေရာပြောင်း ဆင်းသက်စေခြင်းများလုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly