အစွန်းရောက်သေနတ်သမား၏ ဖုန်းကို အက်ပဲလ်အကူအညီမပါဘဲ FBI က လော့ခ်ဖြေနိုင်

အစွန်းရောက်သေနတ်သမား၏ ဖုန်းကို အက်ပဲလ်အကူအညီမပါဘဲ FBI က လော့ခ်ဖြေနိုင်

အစွန်းရောက်သေနတ်သမား ကိုင်ဆောင်ခဲ့သည့် iPhone အား အက်ပဲလ်အကူအညီမပါဘဲ FBI က လော့ခ်ဖြေနိုင်ကြောင်း အမေရိကန်တရားရေးဌာနက ပြောသည်။

ပြီးခဲ့သည့်လက သေနတ်သမား ရီဇဝန်ဖာရော့ခ်ကိုင်ဆောင်ခဲ့သည့် iPhone အား အချက်အလက်များ ရယူရန် လော့ခ်ဖွင့်နိုင်ရေး ဆော့ဝဲလ်သစ်ရေးပေးရန် တရားရုံး၏ အမိန့်ကို အက်ပဲလ်က ပယ်ချလိုက်ခြင်းဖြစ်သည်။

သို့သော် တာဝန်ရှိသူများက အက်ပဲလ်ဖုန်း လော့ခ်ဖြေရန်အတွက် လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ပြီး တရားရုံး၏ အထက်ပါ အမိန့်အား ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်။

ရီဇဝန်ဖာရော့ခ်နှင့် ဇနီးဖြစ်သူသည် ဒီဇင်ဘာလအတွင်းက ဆန်ဘာနာဒီနိုတွင် သေနတ်ဖြင့် ပစ်ခတ်၍ လူပေါင်း ၁၄ ဦး သေဆုံးခဲ့ရသည်။

၎င်းတို့နှစ်ဦးအား နောက်ပိုင်းတွင် ရဲက အသေပစ်ခတ်လိုက်ရသည်။ ထိုပစ်ခတ်မှု ကျုးလွန်မည့်နေ့က ဖာရော့ခ်၏ ဇနီးက အိုင်အက်စ်အဖွဲ့၏ သစ္စာအား စောင့်သိကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အက်ပဲလ်၏ အကူအညီမပါဘဲ iPhone အား လော့ခ်ဖြေရန် ဖြစ်နိုင်သည့် နည်းလမ်းတစ်ရပ်အား ပြင်ပအဖွဲ့တစ်ဖွဲ့က တတ်နိုင်ကြောင်း ရှေ့နေရှေ့ရပ်များက ပြောသည်။

ထို့အတွက် အက်ပဲလ်က သေနတ်သမား၏ ဖုန်းအား လော့ခ်ဖြေရန် ငြင်းဆန်ထားမှုအား တရားရေးဌာန မေတ္တာရပ်ခံချက်ဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နည်းလမ်းသစ် ရှာဖွေရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

မတ် ၂၈ ရက်တွင်မူ အက်ပဲလ်ဖုန်း လော့ခ်ဖြေရန်အတွက် တတိယအဖွဲ့တစ်ဖွဲ့က FBI စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများကို ကူညီပေးနေပြီဖြစ်ကြောင်း၊ သို့သော်လည်း မည်သူမည်ဝါ မည်သည့် အဖွဲ့ဖြစ်သည်ဆိုသည်ကိုမူ မပြောနိုင်ကြောင်း ကယ်လီဖိုးနီးယား ပြည်နယ်ရှေ့နေရုံးအကြီးအကဲ Eillen Decker က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags