ကလေးငါးဦးတွင် တစ်ဦးနှုန်း ကျောင်းမနေရဘဲ အလုပ်လုပ်နေရ

ကလေးငါးဦးတွင် တစ်ဦးနှုန်း ကျောင်းမနေရဘဲ အလုပ်လုပ်နေရ

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် အသက် ၁၀ နှစ်မှ ၁၇ ကြား ကလေးငယ်များက ကျောင်းနေရမည့်အစား အလုပ်လုပ်နေရကြောင်း အလုပ်အကိုင်သန်းခေါင်စာရင်းမှ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ သန်းခေါင်စာရင်းအပိုင်းတစ်ပိုင်းဖြစ်သော နေရေးထိုင်ရေးနှင့် စက်မှုလုပ်ငန်းအစီရင်ခံအရ မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြား ကလေးငယ် ၁ ဒသမ ၇ သန်း အလုပ်လုပ်ကိုင်နေရကြောင်း ဖော်ပြထားသည်။

“လက်ရှိမှာ ဆယ်နှစ်က ဆယ့်ခုနစ်နှစ် ကလေး ငါးဦးမှာ တစ်ဦးနှုန်း ပညာသင်ကြားနိုင်ခြင်း မရှိဖြစ်နေတယ်။”ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ မြန်မာနိုင်ငံကိုယ်စားလှယ် Janet E.Jackson က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသအများအပြားမှာ ဆင်းရဲမွဲတေမှု ဒဏ်ခံနေရကြောင်း၊ နေအိမ်စွန့်ခွာထွက်ပြေးရသည့် သဘာဝဘေးများ၊ ပြည်တွင်းပဋိပက္ခများကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည့် ပြည်သူမှာ တစ်သန်းကျော်ထက်မနည်းရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်အတွင်းက ကောက်ယူခဲ့ခြင်းဖြစ်သည်။ ယင်းသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၄ သန်းရှိသည်။

အလုပ်အကိုင်အချက်အလက်အားဖြင့် ယောက်ကျားမိန်းမ အလုပ်လုပ်ကိုင်မှုကြား ကွာဟချက်ရှိသည်။ အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား အမျိုးသမီးများ၏ တစ်ဝက်နီးပါးက အလုပ်အကိုင် ရရှိလုပ်ကိုင်ပြီး နှိုင်းယှဉ်ပါက အမျိုးသားများက ၈၅ ရာခိုင်နှုန်းရှိသည်။

မြန်မာလူဦးရေ၏ ၅၂ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး၊ သစ်လုပ်ငန်းနှင့် ငါးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags