ဂျပန်-မဲခေါင် ယူ-၁၅ အုပ်စုအဖွင့်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း ဂျပန်ကလပ် ကို အနိုင်

ဂျပန်-မဲခေါင် ယူ-၁၅ အုပ်စုအဖွင့်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း ဂျပန်ကလပ် ကို အနိုင်
စင်ကာပူဆီးဂိမ်းတွင် မြန်မာခြင်းလုံးကစားသမား မျိုးဇော်ဦး ယှဉ်ပြိုင်ဟန်။ (ဓာတ်ပုံ - Singapore Sea Games)

ဇူလိုင် ၁၊ ရန်ကုန်။        ။ ၂၀၁၅ ဂျပန်-မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၅ အသင်းသည် ဂျပန်ကလပ် ဟီရိုရှီးမား ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ်များကို ပထမပိုင်းမိနစ် ၃၀၊ ဒုတိယပိုင်းမိနစ် ၃၀၊ စုစုပေါင်း မိနစ် ၆၀ သာကစားခဲ့ပြီး ယင်းပွဲတွင် မြန်မာယူ-၁၅အသင်းသည် ဂိုး၊ ထက်ဝေယံစိုး၊ နောက် တန်း၊ အောင်ဝဏ္ဏစိုး၊ ပြည့်ဖြိုးမောင်၊ ဘိုဘိုအောင်၊ သက်ပိုင်ထွေး၊ အလယ်တန်း မြတ်ကောင်းခန့်၊ သီဟဇော်၊ ပြည့်စုံနိုင်၊ ထက်ဖြိုးဝေ၊ ရှေ့တန်း၊ ဟိန်းထက်အောင်၊ သက်ပိုင်ထူး တို့ ဖြင့်ပွဲထွက် ယှဉ်ပြိုင် ကစားခဲ့သည်။
 
အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပနေပြီး  မဲခေါင်ဒေသတွင်း ၅ နိုင်ငံ ဖြစ်သည့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ ယူ-၁၅ အသင်းများ အပြင် ဂျပန် ယူ-၁၅ အသင်း၊ ဂျေလိဂ် ပထမတန်း ကလပ်များ ဖြစ်ကြသည့် ဗစ်ဆဲလ်ကိုဘေး ယူ-၁၅ အသင်းနှင့် ဆန်ဖရီချီ ဟီရိုရှီးမား ယူ-၁၅ အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြလျက် ရှိသည်။
 
မြန်မာအသင်းသည် အုပ်စု (ခ) တွင် ထိုင်း၊ လာအို၊ ဟီရိုရှီးမားကလပ် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး ပြိုင်ပွဲကို အုပ်စုပတ်လည်ပုံစံဖြင့် ကျင်းပကာ အုပ်စုပတ်လည် ပွဲများ ပြီးဆုံးပါက ပြိုင်ပွဲ၏ ရပ်တည်မှုကို သတ်မှတ်နိုင်ရန် အတွက် အုပ်စုတွင်း ရပ်တည်မှု တူသည့် အသင်း အချင်းချင်း ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အုပ်စု (က) တွင် အိမ်ရှင်ဂျပန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် ကိုဘေး အသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး လာအိုအသင်းနှင့် ထိုင်းအသင်းတို့ အုပ်စုအဖွင့်ပွဲတွင် လာအိုအသင်းက ၃-၀ ဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၁၅အသင်းသည် ဇူလိုင်လ ၂ရက် (ယနေ့) နံနက် ၉း၃၀နာရီတွင် လာအိုအသင်း၊ မွန်းလွဲ ၂း၀၀နာရီ အချိန်တွင် ထိုင်းအသင်းများနှင့် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly