ပါကစ္စတန်တွင် ဘာသာရေးစော်ကားသူ ဆိုသူအား သတ်ဖြတ်မှုဖြင့် သေဒဏ်စီရင်ခံရသူကို ထောက်ခံသူများနှင့် ရဲများတိုက်ခိုက်မှုဖြစ်ပွား

ပါကစ္စတန်တွင် ဘာသာရေးစော်ကားသူ ဆိုသူအား သတ်ဖြတ်မှုဖြင့် သေဒဏ်စီရင်ခံရသူကို ထောက်ခံသူများနှင့် ရဲများတိုက်ခိုက်မှုဖြစ်ပွား

အစ္စလာမ္မာဘတ်၊ မတ် ၂၈ ။           ။ ပါကစ္စတန်တွင် ဘာသာရေးစော်ကားမှုအတွက် ပြင်းထန်သည့်ဥပဒေများ ရှိနေခြင်းကို ဝေဖန်သော အုပ်ချုပ်ရေးမှူးအား လုပ်ကြံသူကို သေဒဏ်ပေးခဲ့ရာ မတ် ၂၇က သဘောထားတင်းမာသည့် မွတ်စလင်တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာသည် ဆန့်ကျင်သည့်အနေဖြင့် ပါလီမန်အနီးတွင် မီးရှို့မှုများပြုလုပ်ခဲ့သဖြင့် ရဲများနှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

မြို့တော် အစ္စလာမ္မာဘတ်ရှိ ပါလီမန်အဆောက်အအုံမှ မီတာ ၇၀၀ ခန့်ဝေးသော အရပ်တွင် စုဝေးနေခဲ့သော ဆန့်ကျင်ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့ပုံကို ပြည်တွင်းရုပ်သံ Geo TV ကထုတ်လွှင့်ပြသခဲ့သည်။

သေဒဏ်စီရင်ခံရသည့် သက်တော်စောင့် မွမ်းတတ်ဇ်ကက်ဒရီအား ထောက်ခံမှုများစွာပေါ်လာခြင်းက အစွန်းရောက်မှုကို နှိမ်နင်းမည်ဟု ကတိပြုထားသည့် အရပ်သားအစိုးရနှင့် သဘောထား တင်းမာသည့် အစ္စလာမ္မစ်အုပ်စုများကြား တင်းမာမှုကြီးထွားလာခြင်းကို မီးမောင်းထိုးပြလျက်ရှိသည်။

မတ် ၂၇က တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်အများစုပါဝင်သော လူ ၆၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆေးရုံအရာရှိများက ရိုက်တာသို့ ပြောသည်။ "အားလုံးက အသေးစားဒဏ်ရာတွေပါ။ ခဲမှန်တာမျိုးလေးတွေလိုပါ"ဟု အစ္စလာမ္မာဘတ်ရှိ PIMS ဆေးရုံမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ အိုက်ရှာအစ်ဆာနီက ပြောသည်။ မတ် ၂၇ နေ့လည်ပိုင်းတွင် စစ်တပ်ကို ခေါ်ယူ နှိမ်နင်းခဲ့ရသည်။

လူကြိုက်များသော ပန်ဂျပ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆယ်လ်မန်တာဆီယာကို သတ်ဖြတ်ခဲ့သည့် ၎င်း၏သက်တော်စောင့် ကက်ဒရီသည် အစ္စလာမ်ဘာသာကို ကာကွယ်သူအဖြစ် ထောက်ခံသူများက ယူဆသည်။ တာဆီယာသည် အစ္စလာမ်ဘာသာ သို့မဟုတ် တမန်တော်မိုဟာမက်ကို စော်ကားမှုအတွက် သေဒဏ်ပေးနိုင်သည့် ပါကစ္စတန်ဥပဒေကို ဝေဖန်ခဲ့သောကြောင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ယင်းပြစ်မှုနှင့် ပတ်သက်၍ ခရစ်ယာန်အမျိုးသမီးတစ်ဦးမှာ မျှတမှုမရှိဘဲ တရားစွဲဆိုခံရသည်ဟု ၎င်းက ပြောကြားခဲ့သည့်အပြင် ယင်းအမှုအတွက် ပါကစ္စတန်ရှိပြစ်ဒဏ်မှာ မွတ်စလင်နိုင်ငံအများစုထက် ပိုမိုပြင်းထန်နေသည်ဟု တာဆီယာက မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly