တောင် မှ မြောက်ကိုရီးယားသို့ ၃ ရက်အတွင်း၂ အကြိမ်မြောက် ဆန့်ကျင်ရေးစာရွက်များ ကြဲချ

တောင် မှ မြောက်ကိုရီးယားသို့ ၃ ရက်အတွင်း၂ အကြိမ်မြောက် ဆန့်ကျင်ရေးစာရွက်များ ကြဲချ

ဆိုးလ်၊ မတ်၊ ၂၈ ။            ။ ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများရှိနေချိန်၌ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများသည် ၃ ရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အာဏာရှင်ကင်မ်ဂျုံအန် ဆန့်ကျင်ရေးလက်ကမ်းစာရွက်များကို မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ကြဲချခဲ့သည်။

မြောက်ကိုရီးယားမှထွက်ပြေးလာသူများလည်းပါဝင်သော တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများအဖွဲ့သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို ရှုံ့ချဝေဖန်ချက်များပါဝင်သည့် လက်ကမ်း စာရွက်ပေါင်း ၁၀၀၀၀၀ ခန့်ကို မိုးပျံပူဖောင်းများအသုံးပြုကာ နယ်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး ကြဲချခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကြဲချခဲ့သည်လက်ကမ်းစာရွက်များထဲတွင် '' ကင်မ်ဂျုံအန် ရဲ့ ခေါင်းကို ငါတို့အလိုရှိတယ် '' ဟုအဓိပ္ပါယ်ရသော  ကြွေးကြော်သံကဲ့သို့သော အရေးအသားများလည်းပါဝင်သည်။

ယခု လက်ကမ်းစာရွက်များကြဲချသည့်အဖွဲ့သည် ၂၀၁၀ ခုနှစ်က တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်ခဲ့ရမှု နှစ်ပတ်လည်နေ့အဖြစ်နှင့်ပြီးခဲ့သော စနေနေ့ကလည်း မြောက်ကိုရီးယားအာဏာရှင်အစိုးရကို ဆန့်ကျင်သောစာရွက်ပေါင်း ၅၀၀၀၀ ခန့်ကို မြောက်ကိုရီးယားနိုင်ငံထဲသို့ ကြဲချခဲ့သေးသည်။

လာမည့် ၃ လအတွင်း ပြုံယမ်းအစိုးရဆန့်ကျင်ရေးလက်ကမ်းစာရွက် ၁၀ သန်းခန့်ကို မြောက်ကိုရီးယားနိုင်ငံအတွင်း ကြဲချသွားရန်စီစဉ်ထားသည်ဟုလည်း ယင်းအဖွဲ့က ပြောကြားထားသည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ချက်များကို ဆန့်ကျင်သည့်အနေနှင့်ရော နျူကလီးယား စီမံကိန်းများကို စွန့်လွှတ်ရန်တိုက်တွန်းသည့်အနေနှင့်ပါ ယခုကဲ့သို့ လက်ကမ်းစာရွက်များ ကြဲချခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က ၎င်းတို့၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လက်ကမ်းစာရွက်များကြဲချသည့် လုပ်ရပ်ကို မြောက်ကိုရီးယားအစိုးရက အလွန်တရာစိတ်ဆိုးဒေါသထွက် လေ့ရှိပြီး ယင်းတက်ကြွလှုပ်ရှားသူများကို စစ်ရေးအရ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများပင် ပြုလုပ်ခဲ့ဖူးသည်။

၂၀၁၄ ခုနှစ်၊အောက်တိုဘာလအတွင်းကဆိုလျှင် မြောက်ကိုရီးယား နယ်ခြားစောင့်တပ်သားတစ်ဦးက တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများလွှတ်တင်လိုက်သည့် မိုးပျံပူဖောင်းများကို ပစ်ချရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အနည်းငယ်ပင် ဖြစ်ပွားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly