ရန်ကုန်တွင် တည်ဆောက်မည့်ဘောလုံးအကယ်ဒမီအတွက် ဒေါ်လာ ၂ ဒသမ ၅ သန်းအထိသုံးစွဲမည်

ရန်ကုန်တွင် တည်ဆောက်မည့်ဘောလုံးအကယ်ဒမီအတွက် ဒေါ်လာ ၂ ဒသမ ၅ သန်းအထိသုံးစွဲမည်

ရန်ကုန်၊ ဇူလိုင် ၁။ ။ ရန်ကုန်မြို့တွင်တည်ဆောက်ရန် စီစဉ်ထားသည့် အမျိုးသားဘောလုံးအကယ်ဒမီအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅သန်းအထိသုံးစွဲရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

မြန်မာနိုင်ငံတွင် မန္တလေးမြို့နှင့် ပုသိမ်မြို့များ၌ ဘောလုံးအကယ်ဒမီနှစ်ခုဖွင့်ထားပြီးဖြစ်ကာ ရန်ကုန်ဘောလုံး အကယ်ဒမီမှာ တတိမြောက်အကယ်ဒမီဖြစ်လာမည်ဖြစ်သည်။ ယင်းဘောလုံးအကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒေါ်လာ ၅ သိန်းပံ့ပိုးပေးထားပြီး ကျန်ငွေကို ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီမည်ဖြစ်သည်။ “ရန်ကုန်အကယ်ဒမီကို ရှစ်လအတွင်းအပြီးတည်ဆောက်မှာပါ။ ကုန်ကျစရိတ်က ဒေါ်လာ ၂ ဒသမ ၅ သန်းကုန်မယ်လို့မှန်းထားပါတယ်။ အကယ်ဒမီဖွင့်တဲ့အချိန်ကျမှ သင်တန်းသားတွေကို ခေါ်ယူမှာပါ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင်ကပြောသည်။

ရန်ကုန်ဘောလုံးအကယ်ဒမီကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းရှေ့မြက်ခင်းတုလေ့ကျင့်ရေးကွင်း(၃) နှင့် (၄) အနီးတွင်တည်ဆောက်မည်ဖြစ်ပြီး အမျိုးသား၊အမျိုးသမီးသင်တန်းသားများကိုလက်ခံသင်ကြားပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားပြီးဖြစ်သည့် ဘောလုံးအကယ်ဒမီများတွင် ပညာရေးနှင့် ဘောလုံးပညာကိုပေါင်းစပ်သင်ကြားပေးနေပြီး အသက် ၁၁နှစ်မှ စတင်ကာ အသက် ၁၅နှစ်အရွယ်အထိ လက်ခံသင်ကြားပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly