ပါကစ္စတန်တွင်ဗုံးကွဲပြီးနောက် မဆိုင်သည့်ဒေသများသို့ပါ Safety Check သတိပေးချက်များပို့မိသဖြင့် Facebook တောင်းပန်

ပါကစ္စတန်တွင်ဗုံးကွဲပြီးနောက် မဆိုင်သည့်ဒေသများသို့ပါ Safety Check သတိပေးချက်များပို့မိသဖြင့် Facebook တောင်းပန်

ဆန်ဖရန်စစ်စကို၊ မတ်၊ ၂၈ ။          ။ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားအပြီးတွင် Safety Check  လုပ်ဆောင်ရန် သတိပေး ချက်ပေးပို့ရာ၌ နည်းပညာပိုင်း ချို့ယွင်းမှုကြောင့် မဆိုင်သည့်ဒေသမှလူများကိုပါ ပေးပို့ခဲ့မိသည့်အပေါ် Facebook လူမှုကွန်ယက်က ပြန်လည်တောင်းပန်လိုက်သည်။

Safety Check ဆိုသည်မှာ အကြမ်းဖက်တိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ် စသည့်အန္တရာယ်တစ်ခုခုကျရောက်သည့် အခါတွင် ယင်းအန္တရာယ်ကျရောက်သည့်ဒေသမှလူများအနေဖြင့် ၎င်းတို့အန္တရာယ် ကင်းရှင်းသည့်အကြောင်းကို ဆွေမျိုး မိတ်ဆွေများထံသို့ အလွယ်တကူအသိပေးနိုင်အောင်ဖန်တီးထားသည့် Facebook ၏လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

လာဟိုးရှိ ပန်းခြံတစ်ခုတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၆၀ ကျော်သေဆုံးခဲ့ပြီးသည့်နောက်တွင် Facebook က ထိုဒေသတဝိုက်ရှိလူများထံ Safety Check လုပ်ရန်သတိပေးမှုလုပ်ဆောင်ခဲ့သည်။

သို့ရာတွင် နည်းပညာပိုင်းချို့ယွင်းမှုကြောင့် ပါကစ္စတန်၊ လာဟိုးမြို့တဝိုက်ဒေသများရှိ လူများတွင် သာမကပဲ ဟိုနိုလူလူ  မှ ဘရက်ဆဲလ် အထိ၊ ကိုင်ရို မှ ဟောင်ကောင်အထိ ဒေသများမှလူများကိုပါ သတိပေးမိလျက်သားဖြစ်သွားခဲ့သည်။

ထို့ကြောင့် သတိပေးပို့ချက်မှားယွင်းရရှိခဲ့သည့် လူများအားလုံးကိုတောင်းပန်ကြောင်း Facebook လူမှုကွန်ယက်မှ တာဝန်ရှိသူများက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့က လာဟိုးမြို့ရှိ၊ ပန်းခြံတစ်ခုတွင် ခရစ္စယာန်ဘာသာဝင်များ အီစတာပွဲတော်ဆင်နွှဲနေစဉ် အသေခံဗုံးခွဲသမား တစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူ ၆၅ ဦးခန့်သေဆုံးခဲ့ကာ ရာနှင့်ချီဒဏ်ရာရရှိသွားခဲ့သည်။

ထိုအသေခံဗုံခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း တာလီဘန်အဖွဲ့ခွဲတစ်ခုက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly