မြန်မာဘာသာဖြင့် အသုံးပြုနိုင်သည့် ဟိုတယ် ဝန်ဆောင်မှု App ထွက်ရှိ

မြန်မာဘာသာဖြင့် အသုံးပြုနိုင်သည့် ဟိုတယ် ဝန်ဆောင်မှု App ထွက်ရှိ

ရန်ကုန်၊ မတ် ၂၈ ။             ။ ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် အခန်းဌားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် Jovago မှ Android ဖုန်းများတွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်သော ဟိုတယ် အခန်းဌားဝန်ဆောင်မှု Application နှင့် ဟိုတယ်မန်နေဂျာများ အသုံးပြုနိုင်သည့် Extranet Application စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Jovagoမှ အမှုဆောင်အရာရှိချုပ် Paul Midy ကပြောသည်။

ဟိုတယ်အခန်းဌားလိုသူများအနေဖြင့် မိုလ်ဘိုင်းတွင်ပင် တစ်နိုင်လုံးရှိ ဟိုတယ်များ၏ သတင်း အချက်အလက် များကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ Extranet App သည်လည်း ဟိုတယ် မန်နေဂျာများအတွက် ကြိုတင်အခန်းဌားမှုများ၊ အခန်းဌားသူများ၏ သုံးသပ်ချက်များ၊ လုပ်ငန်းစွမ်းဆောင်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြော သည်။
 
“Jovago က ကွန်ယက်ချိတ်ဆက်ထားတဲ့ ပုံစံမျိုးတီထွင်ထားတဲ့အတွက် ဟိုတယ်တွေနဲ့ အခန်းဌားမယ့် သူတွေဟာ နီးစပ်မှုပိုရှိလာပါတယ်။ အခန်းဌားသူတွေအနေနဲ့ အကောင်းဆုံးဈေးနှုန်းတွေ၊ ဟိုတယ်ပေါင်းများစွာ၊ အချက်အလက်ပေါင်းများစွာကို အလွယ်တကူ ရှာဖွေနိုင်မှာပါ။ ဟိုတယ်မန်နေဂျာတွေအနေနဲ့လည်း အကောင်းဆုံး အတွေ့အကြုံတွေပေးဖို့ ဟိုတယ်ရဲ့ အတိတ်၊ လက်ရှိအခြေအနေနဲ့ အနာဂတ်ဖောက်သည်တွေ ရှိနေမှာပါ” ဟု Jovago Myanmar ၏ မန်နေးဂျင်းဒါရိုက်တာ Hugo Schleicher ကပြောသည်။

Roket Internet နှင့် Ooredoo တို့ အဓိကရင်းနှီးမြှုပ်နှံထားသော အာရှပစိဖိတ်အင်တာနက်အုပ်စု (APACIG) ၏ Jovago သည် တစ်ကမ္ဘာလုံးတွင် ဟိုတယ်ပေါင်း နှစ်သိန်းကျော်ဖြင့် ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံတွင် ဟိုတယ်ပေါင်း ၇၀၀ ကျော်ဖြင့် ချိတ်ဆက်ထားသော အွန်လိုင်းဟိုတယ် အခန်းဌား ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly