ရန်ကုန်စတော့အိတ်စ်ချိန်းက မြန်မာ့စီးပွားရေးကို ပြန်လည်အသက်ဝင်လှုပ်ရှားစေမှာလား

ရန်ကုန်စတော့အိတ်စ်ချိန်းက မြန်မာ့စီးပွားရေးကို ပြန်လည်အသက်ဝင်လှုပ်ရှားစေမှာလား

ပြီးခဲ့သည့် သောကြာနေ့က မြန်မာပြည်၏ ပထမဆုံးစတော့ရှယ်ယာဈေးကွက်ကို တရားဝင်စတင်ဖွင့်လှစ်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့အသစ် အာဏာလွှဲပြောင်းရယူပြီး မြန်မာ့ခေတ်သစ်သို့ စတင်ရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်တွင် ယခုကဲ့သို့ တိုင်းပြည်စီးပွားရေးအတွက် အရေးပါလှသည့် စတော့ရှယ်ယာဈေးကွက်ကို တရားဝင်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

စတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်သည့် အခမ်းအနားကို ခမ်းခမ်းနားနားဖွင့်လှစ်ခဲ့ပြီး တိုင်းပြည်အတွင်းမှ အထက်တန်းလွှာ စီးပွားရေးသမားများကလည်း ကြိုဆိုကြောင်းဖော်ပြခဲ့ကြသည်။

ထို့ပြင် ယခုကဲ့သို့ စတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်လိုက်နိုင်ခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ် ၅ ခုကျော်နေခဲ့ရခြင်း၏အကျိုးဆက်အဖြစ် စီးပွားရေးအရအင်အားနည်းပါးလှသည့်နိုင်ငံအဖြစ်သို့ ကျရောက်ခဲ့ရာမှ တဖန်ပြန်လည် ရုန်းထလာတော့မည့် လက္ခဏာတစ်ရပ်လည်း ဖြစ်ခဲ့သည်။

သို့သော် ယခုအသစ်စတင်လိုက်သည့် ရင်းနှီးမြုပ်နှံမှုဈေးကွက်သည် တိုင်းပြည်စီးပွားရေးအပေါ် အမှန်တကယ် သက်ရောက်မှုရှိသည့် အဆင့်ထိရောက်ရှိလာပါ့မလားဟူသော မေးခွန်းကလည်း ရှိနေသည်။

စတော့အိတ်ချိန်းစတင်ဖွင့်လှစ်ချိန်တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် FMI ကုမ္ပဏီတစ်ခုတည်းသာရှိနေသဖြင့် ရင်းနှီးမြုပ်နှံမည့်သူများအနေဖြင့် ရွေးချယ်စရာမရှိသေးသည့်အခြေအနေတွင် ရှိနေသည်။

လေ့လာသုံးသပ်သူအချို့က ရန်ကုန်စတော့အိတ်ချိန်းကို လက်ရှိအချိန်ထိ စာရင်းဝင် ကုမ္ပဏီ ၃ ခုသာရှိသေးသည့် ကမ္ဘောဒီးယားနှင့် လာအိုတို့မှ စတော့ရှယ်ယာဈေးကွက်များနှင့်   နှိုင်းယှဉ်သုံးသပ်မှုများခဲ့သည်။

သို့ရာတွင် အကောင်းမြင်သည့်ဘက်မှ သုံးသပ်မှုများလည်းရှိနေပြီး ဈေးကွက်အတွင်းပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် အပြီးတွင် အရှိန်အဟုန်ဖြင့် လျှင်မြန်စွာဖွံ့ဖြိုးသွားသည့် အခြားအရှေ့တောင်အာရှနိုင်ငံများရှိနေကြောင်း ၎င်းတို့က ထောက်ပြထားသည်။

ယခုကဲ့သို့ စတော့ရှယ်ယာဈေးကွက်ကိုဖွင့်လှစ်နိုင်ခဲ့သဖြင့် အနာဂတ်တွင် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းချဲ့ထွင်ရန် အတွက် အရင်းအနှီးရရှိနိုင်သည့်နည်းလမ်းတစ်ခုတိုးလာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

တစ်ဖက်တွင်လည်း တိုင်းပြည်လူဦးရေ၏ လေးပုံတစ်ပုံမှာ ဝင်ငွေနည်းဆင်းရဲနွမ်းပါးသည့်အဆင့်တွင်သာ ရှိနေသေးသည့် အချိန်တွင် စတော့ရှယ်ယာဈေးကွက်မှပေါ်ထွန်းလာမည့် ဘဏ္ဍာရေးအသီးအပွင့်များကို သာမန်ပြည်သူများခံစားခွင့်ရပါ့ မလားဆိုသည်ကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်လျှက်ရှိသည်။

စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများတိုးလာခြင်းဖြင့် လုပ်ငန်းများတိုးချဲ့လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည်မှာ မှန်သော်လည်း ထိုကဲ့သို့သော ဖြစ်ထွန်းမှုများ   ပေါ်ပေါက်လာရန် အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်း ရဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေသေးသော်လည်း သဘာဝဓါတ်ငွေ့ နှင့် တွင်းထွက်ပစ္စည်းများအပါအဝင် သဘာဝသယံဇာတများကြွယ်ဝနေဆဲဖြစ်ကာ ပထဝီအနေအထားအရဆိုလျှင်လည်း အိန္ဒိယနှင့် တရုတ်အကြား အရေးပါသည့်နေရာတွင်တည်ရှိလျှက်ရှိနေရာ မကြာမီအာဏာလွှဲပြောင်းရယူတော့မည့် အစိုးရ အဖွဲ့သစ်၏ စွမ်းဆောင်မှုများအပေါ် မူတည်ပြီး စီးပွားရေးခေတ်သစ်တစ်ရပ်ဆီသို့ ဦးတည်သွားနိုင်ချေလည်း ရှိနေသည်သာ ဖြစ်ပါသည်။

(ပြင်သစ်ရေဒီယို သတင်းဌာန RFI တွင်ဖော်ပြထားသည့် Will Yangon's stock exchange revitalise Myanmar? ကို ဆီလျော်အောင် ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

ဖြိုးမင်းသန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly