FMI ရန်ကုန်စတော့အိတ်ချိန်းမှာပျံသန်းပြီ

27 March 2016
FMI ရန်ကုန်စတော့အိတ်ချိန်းမှာပျံသန်းပြီ
ဓာတ််ပုံ-လှိုင်မျိုးထွန်း မဇ္စျိမ

ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဦးဆုံးစာရင်းဝင် FMI Listed ကုမ္ပဏီ၏ Chief Financial Officer ဦးထွန်းထွန်းနှင့်တွေ့ဆုံခြင်း

 “ YSXနဲ့အပေါ်မှာအစိုးရသစ်ရှိမယ့်အမြင်ကို ကျွန်တော့်အနေနဲ့ စိုးရိမ်စရာရှိလာမယ်လို့ မမြင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်စီးပွားရေးအတွက် လိုအပ်နေတဲ့အရာတစ်ခုပါ၊ ဘယ်အစိုးရတက်တက် ဒါကိုမကောင်းမြင်စရာအကြောင်းမရှိဘူး၊ ကျွန်တော်ယုံကြည်ပါတယ်”

စင်ကာပူစတော့အိတ်ချိန်းတွင် Listed စာရင်းဝင်ဖြစ်သော ရိုးမမဟာဗျူဟာဦးပိုင်ကုမ္ပဏီ (YSH) နှင့် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI)တို့သည် ညီနောင်ကုမ္ပဏီများဖြစ်ကြသည်။ FMI ကုမ္ပဏီနှင့် YSH ကုမ္ပဏီတို့ကိုအိမ်ခြံမြေလုပ်ငန်းရှင် ဦးသိမ်းဝေ(ခေါ်) Serge Pun က ဦးဆောင်လျက်ရှိသည်။ ဦးသိမ်းဝေအနေနှင့် FMI ကုမ္ပဏီကို၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးယခုနှစ်တွင် နှစ်ပေါင်း ၂၄ နှစ်အထိရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၏ ရလာဒ်တစ်ချို့ကနေစီးပွားရေးအရအကောင်းမြင်ဖြစ်ထွန်းလာဖို့ အခွင့်အရေးများစွာကလည်းရှိနေသည်ဟုသုံးသပ်ကြသည်။ တစ်ချိန်တည်းမှာပင် စီးပွားရေးလုပ်ငန်းများပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကြေးအရင်းအနှီးဈေးကွက်တစ်ခုကလည်းလိုအပ်နေသည်။ ထိုကဲ့သို့ ငွေကြေးအရင်းအနှီးဈေးကွက်ဖြစ်လာဖို့ မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါအုပ်စုတို့ပူးပေါင်းပြီးမြန်မာနိုင်ငံသက်သေခံငွေကြေးလက်မှတ်များရောင်းချရေးစင်တာကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုအချိန်မှာစ၍ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်အောင် ဥပဒေပြုရေးများနှင့် အခြေခံအဆောက်အဦးပြင်ဆင်တည်ဆောက်ရေးများကိုလုပ်ကိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိယခင် မြဝတီဘဏ် (ရုံးချုပ်ဟောင်း) နေရာတွင် ရန်ကုန်စတော့အိတ်ချိန်းအဆောက်အဦးကို တရားဝင်ဖွင့်လှစ်ခဲ့ပြီးယင်းနေ့တွင် အများပိုင် ကုမ္ပဏီများထဲမှာကုမ္ပဏီ ၆ ခုကိုရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများကိုအများပြည်သူသို့ ရောင်းချနိုင်အောင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကုမ္ပဏီ ၆ ခုထဲတွင် FMI ကုမ္ပဏီလည်း ပါဝင်လာခဲ့ပြီးသက်သေခံငွေကြေးလက်မှတ်များ ကြီးကြပ်ရေးကော်မရှင်က၂၀၁၆ ခုနှစ်၊မတ်လ၏ ဒုတိယသီးတင်းပတ်တွင် FMI ကုမ္ပဏီကိုရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးရှယ်ယာအရောင်းအဝယ်ပြုလုပ်ရန် စာရင်းသွင်း(Listed) ခဲ့သည်။

ထို့ကြောင့် FMI အနေနှင့် ရန်ကုန်စတော့အိတ်ချိန်းအပေါ်တွင် ရှယ်ယာအရောင်းအဝယ်များကို မည်ကဲ့သို့လုပ်ကိုင်သွားမည်၊ ရန်ကုန်စတော့အိတ်ချိန်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မရှိနိုင်ဆိုသည် မေးခွန်းများနှင့်တကွ ရန်ကုန်စတော့အိတ်ချိန်းအပေါ် မျှော်မှန်းချက်များကို FMI listed ကုမ္ပဏီ၏ Chief Financial Officer ဖြစ်သူဦးထွန်းထွန်းကိုမေးမြန်းထားသည်။

မဇ္ဈိမ။  ။ FMI ရဲ့ YSX (ရန်ကုန်စတော့အိတ်ချိန်း) မှာဘယ်လိုအခင်းအကျင်းတွေနဲ့ ရှယ်ယာအရောင်းအဝယ်လုပ်မလဲ

ဦးထွန်းထွန်း။  ။ FMI ကို ၁၉၉၂ ခုနှစ်မှာအများပိုင်ကုမ္ပဏီအနေနဲ့ တည်ထောင်တယ်၊ လုပ်ငန်းတွေကို (၂၄)အချိန်အထိကိုကောင်းကောင်းဆောင်ရွက်ခဲ့တယ်၊ကျွန်တော်တို့ဆီမှာကိုယ်ပိုင် counter market ရှိခဲ့တယ်၊ ဒါကိုလည်းအများပြည်သူသိတဲ့ကိစ္စပါ၊ အခုဒီနှစ်မှာ မြန်မာပြည်အတွက် ရန်ကုန်စတော့အိတ်ချိန်းကိုတည်ထောင်တဲ့နေရာမှာ ကျွန်တော့်ဆီမှာရှိပြီးသားအတွေ့အကြုံတွေကို မျှဝေဖို့ရှိတယ်၊ ဒီမျှဝေတဲ့အရာတွေဟာ စတော့အိတ်ချိန်းအောင်အောင်မြင်မြင်ဖြစ်သွားဖို့အတွက်ကိုယုံကြည်တယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ စတော့အိတ်ချိန်းမှာListingလုပ်ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီနေ့တော့ ရှယ်ယာအသစ်ကိုမရောင်းဘူး၊ ကျွန်တော်တို့ FMI ကုမ္ပဏီမှာဆိုရင် လက်ရှိအနေနဲ့ အစုရှယ်ယာရှင် (၆၈၀၀)ကျော်ရှိတယ်၊ ဒီ (၆၈၀၀)ကျော်ရဲ့ အစုရှယ်ယာတွေကို OTC ကနေပြီးတော့ Stock Exchange system အထိကို migrate လုပ်ပေးမယ်၊ ပြောရရင်တော့ ကျွန်တော်တို့ ပုံမှန်လုပ်နေတဲ့အရောင်းအဝယ်ကို Digitalized format ဖြစ်အောင်လုပ်တာပေါ့၊ ဒါကကျွန်တော်တို့ရဲ့ အဓိက ပြင်ဆင်ချက်ပါ။

ဒီအပေါ်မှာ FMI က ရန်ကုန်စတော့အိတ်ချိန်းရဲ့ ပထမဦးဆုံး Listed ကုမ္ပဏီဖြစ်လာခဲ့ပါတယ်၊ အဖွင့်ဈေးကိုသတ်မှတ်တဲ့နေရာမှာလည်းဒီနှစ်ရဲ့ ဇန်နဝါရီလမကုန်ခင်မှာ စာရင်းပိတ်လိုက်တော့ အစုရှယ်ယာတစ်စုဟာ မြန်မာကျပ်ငွေ ၃၅၀၀၀-၃၆၀၀၀ ကျပ် ပတ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်၊ ဒီပမာဏနဲ့ စတော့အိတ်ချိန်းအပေါ်ကိုတင်ရင်လည်းအဓိပ္ပာယ်မရှိဘူး၊ ဒီဘက်မှာရှိတဲ့ Regulatory ( SECM-Security Exchange Committee of Myanmar) ဘက်ကလည်း ကျွန်တော်တို့ရဲ့ ရှယ်ယာအသွားအလာတွေကိုစီစစ်တယ်၊ပြီးတော့ ကုမ္ပဏီရဲ့ တန်ဘိုးတွေကိုအကုန်စီစစ်တယ်၊အဲဒိတော့ အားလုံးကို ပျှမ်းမျှတွက်လိုက်တဲ့အချိန်မှာ Reference Price ရလာတယ်၊ ဆိုတော့ ဒီ Reference Price က ကျပ် ၂၆၀၀၀ ဖြစ်ပါတယ်၊ ဒါကိုရန်ကုန်စတော့အိတ်ချိန်းရဲ့ ပထမနေ့မှာအဖွင့်ဈေးအနေနဲ့ စာရင်းတင်မှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ FMI မှာအစုရှယ်ယာရှင်ပေါင်း ၆၈၀၀ ကျော်ရှိတယ်ဆိုတော့ တန်ဘိုးစုစုပေါင်းကဘယ်လောက်ရှိလဲ

ဦးထွန်းထွန်း။  ။ကျွန်တော်တို့ရဲ့ ကုမ္ပဏီတန်ဘိုးက Market Capitalization ပေါ့.. ဒီ Market Capitalization က ကုမ္ပဏီအနေနဲ့ ဆိုရင် ကျပ် ဘီလီယံ ၆၀၀ ကျော် တန်ဘိုးရှိပါတယ်၊ ဒီပမာဏကရှယ်ယာစုစုပေါင်းရဲ့ တန်ဘိုးပါ။

မဇ္ဈိမ။  ။စင်ကာပူစတော့အိတ်ချိန်းမှာ စာရင်းဝင်ဖြစ်တဲ့ ရိုးမမဟာဗျူဟာဦးပိုင်ကုမ္ပဏီ-YSHနဲ့ FMI တို့ကညီနောင်ကုမ္ပဏီတွေဖြစ်တယ်၊ ဒီအပေါ်မှာ YSH အနေနဲ့ FMI ကို YSX မှာဘယ်လိုဆက်စပ်မှုတွေရှိစေလဲ

ဦးထွန်းထွန်း။  ။ ဟုတ်ပါတယ်၊ Yoma Strategic Holdings ကုမ္ပဏီဟာ ကျွန်တော်တို့ FMI ရဲ့ Affiliate ကုမ္ပဏီပါ၊ မြန်မာလိုလွယ်လွယ်ကူကူပြောလို့ရှိရင် Sister Company, ညီနောင်ကုမ္ပဏီပါ၊ Yomaကုမ္ပဏီကတစ်ခု၊ FMI ကုမ္ပဏီကတစ်ခု…ဒီနှစ်ခုလုပ်ငန်းလုပ်တဲ့နေရာမှာဆက်စပ်တာတွေရှိတယ်၊ မဆက်စပ်တာတွေရှိတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေမှာအတူတွဲပြီးလုပ်တဲ့ လုပ်ငန်းတွေရှိတယ်၊ ဥပမာပုဂံက Balloon Over Bagan (ပုဂံက မိုးပျံပူးပေါင်းဝေဟင်သယ်ယူပို့ဆောင်ရေးလုပ်ငန်း) ၊ Real estate Sector တို့ဆိုတွဲပြီးလုပ်တယ်၊ ဒီ Real estate မှာဆိုရင် လုပ်ငန်းတစ်ခုလုပ်ရင် ဒေသကိုတကယ်ကျွမ်းကျင်တာက FMI က ကျွမ်းကျင်တယ်၊ ဒါပေမယ့် Real estate လုပ်တာက Capital အများကြီးလိုတယ်၊ အရင်းအနှီးများရင် FMIရဲ့ ကိုယ်ပိုင်ငွေနဲ့တောင် မလောက်နိုင်ဘူး၊ အဲဒိအခါမှာYomaအနေနဲ့ နိုင်ငံတကာအတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေနဲ့ ပံ့ပိုးပေးနိုင်တယ်၊ ဒီလိုမျိုးနှစ်ဦးနှစ်ဖက် မဟာဗျူဟာကျကျ ဆောင်ရွက်သွားတဲ့လုပ်ငန်းတွေလည်းရှိပါတယ်။

မဇ္ဈိမ။  ။FMI က YSX မှာပထမဦးဆုံးရှယ်ယာရောင်းချတော့မယ့် သမိုင်းဝင်ကုမ္ပဏီဖြစ်လာတယ်၊ ဒီအပေါ်မှာကုမ္ပဏီရဲ့ ရည်ရွယ်ချက်အလုံးစုံကိုသိရမလား

ဦးထွန်းထွန်း။  ။ကျွန်တော်အရှေ့မှာပြောခဲ့သလိုပါပဲ။ ရန်ကုန်စတော့အိတ်ချိန်းအောင်မြင်ဖို့အတွက် ကျွန်တော်တို့ကကျရာကဏ္ဍကနေပံ့ပိုးပေးသွားပါ့မယ်၊ ကုမ္ပဏီအနေနဲ့ကျတော့ မဟာဗျူဟာ (၃)ခုချမှတ်ပြီးဆောင်ရွက်မယ်၊ ပထမဦးဆုံးက Financial Service (ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း)--ဒါက ကျွန်တော်တို့ရဲ့ Main Pillar တစ်ခု၊ ဒုတိယက Healthcare Sector..ဒီအပေါ်မှာပန်းလှိုင်ဆေးရုံလုပ်တယ်၊ တတိယဟာက Real Estate ဖြစ်ပါတယ်၊ ဒီ Sector (၃)ခုမှာ FMI အနေနဲ့ ပိုပြီးတော့ အလေးထားပြီးတော့ ဆောင်ရွက်သွားမယ်။ ပိုပြီးတိုးတက်အောင် ကြီးမားကျယ်ပြန့်အောင် ဆောင်ရွက်သွားပါလိမ့်မယ်။

မဇ္ဈိမ။  ။ဒီကဏ္ဍ ၃ ခုက မြန်မာနိုင်ငံစီးပွားရေးမှာသိပ်ကိုဟော့ (HOT) ဖြစ်နေတယ်ဆိုတော့ FMI အနေနဲ့က YSX မှာဘယ်လောက်အထိမျှော်လင့်ထားလဲ

ဦးထွန်းထွန်း။  ။ ကျွန်တော့်အနေနဲ့ကရင်းနှီးမြှုပ်နှံမှုတွေကိုဆက်ပြီးတော့ တိုးချဲ့သွားတဲ့အခါမျိုးမှာရှယ်ယာရှင်တွေကိုပိုပြီးတော့ အကျိုးဖြစ်ထွန်းအောင် ရည်မှန်းပါတယ်၊ထို့အတူပဲဒီလုပ်ငန်းတွေကနေပိုပြီးအောင်မြင်လာမယ်၊ ကြီးမားကျယ် ပြန့်လာမယ်၊ ဝန်ဆောင်မှုတွေပိုကောင်းလာတဲ့နေရာမှာ တကယ့်အကျိုးအမြတ်ကဘယ်မှစရမလဲဆိုရင် စားသုံးသူတွေ ဘက်ကနေ ကောင်းတဲ့ဝန်ဆောင်မှုတွေ ပိုပြီးCompetetive ဖြစ်တဲ့ဝန်ဆောင်မှုတွေ၊ Product တွေ ပိုရလာမယ်လို့ ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ပါတယ်။ အဓိကကတော့ ဒီစတော့အိတ်ချိန်းအောင်မြင်ဖို့ မျှော်မှန်းထားတယ်၊ စတော့အိတ်ချိန်းအောင်မြင် တဲ့နေရာမှာ ကျွန်တော်တို့ ကုမ္ပဏီတင်မဟုတ်ဘူး၊မြန်မာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတော့ အကျိုးအမြတ် ရမယ်၊ ထို့အတူပဲရင်းနှီးမြုှပ်နှံမှုအတွက် မြန်မာနိုင်ငံကရင်းနှီးမြှုပ်နှံသူတွေလည်းအကျိုးရမယ်၊ ဒီလိုမျိုးသေသေချာချာနဲ့ Regulate လုပ်ထားတဲ့ Platform တစ်ခုအပေါ်မှာယုံယုံကြည်ကြည်နဲ့ ရင်းနှီးမြှုပ်နှံနိုင်သလိုလုပ်ငန်းအနေနဲ့လည်းအရင်းအနှီးစုနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီထက်ပိုကြီးတဲ့လုပ်ငန်းတွေ၊ ပိုကောင်းတဲ့လုပ်ငန်းတွေဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

မဇ္ဈိမ။  ။ YSX က တကယ်ငွေရှာပေးနိုင်ပါ့မလား၊ YSX က ဘာလဲ

ဦးထွန်းထွန်း။  ။ YSX က အနှစ်ချုပ်ရင် Platform တစ်ခုပဲ၊ ဒီPlatformကဘာလဲ…သူကရင်းနှီးမြှုပ်နှံသူတွေ စိတ်ချ လက်ချ သူတို့ရဲ့ငွေကိုရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် ဆောင်ရွက်ပေးရတယ်၊ တစ်ဘက်မှာကလည်း Listed ကုမ္ပဏီတွေရှိမယ်၊ ဒီကုမ္ပဏီတွေကမှန်မှန်ကန်ကန်လုပ်ငန်းလုပ်မလား၊ မလုပ်ဘူးလားဆိုတာကိုစီစစ်မယ်၊ ဆိုတော့ ရင်းနှီးမြှုုပ်နှံမယ့်သူတွေ နဲ့ ကုမ္ပဏီတွေ နှစ်ဘက်ကြားမှာ ကြားခံဆောင်ရွက်ပေးရတဲ့ ဈေးကွက်တစ်ခုပဲ။ ဒါကို YSX က နိုင်ငံတကာအဆင့်မီ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့ သေသေချာချာကြီးကြပ်ထားတာကြောင့် ရင်းနှီးမြုပ်နှံသူရော၊ ရင်းနှီးမြှုပ်နှံမှုကငွေကိုယူတဲ့သူရော နှစ်ဘက်ကိုယုံကြည်စွာနဲ့ အရောင်းအဝယ်ဆောင်ရွက်ပေးရတဲ့ Platform တစ်ခုပါ။

မဇ္ဈိမ။  ။ဒီ Platform က ဘယ်လောက်အထိယုံကြည်ရလဲ

ဦးထွန်းထွန်း။  ။ဒါကတော့…ကျွန်တော်ထင်ပါတယ်၊ YSX အဖွဲ့ရယ်၊ SECM အဖွဲ့ကပိုပြီးတော့ ပြောနိုင်ပါလိမ့်မယ်။ FMI အနေနဲ့ကကျတော့ ယုံကြည်လို့ပဲ..ဒီ Platform အပေါ်မှာ Listed လာလုပ်တယ်လို့ပဲပြောချင်ပါတယ်။ စည်းမျဉ်းစည်းကမ်းအပိုင်းတွေကအားရစရာကောင်းပါတယ်။

မဇ္ဈိမ။  ။ YSX က အောင်မြင်နိုင်ပါ့မလား

ဦးထွန်းထွန်း။  ။ ရန်ကုန်စတော့အိတ်ချိန်းမှာ Listed ဝင်ဖို့အတွက် ပြီးခဲ့တဲ့ 2015 ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်နေ့ကအများပိုင်ကုမ္ပဏီ (၆)ခုကိုခွင့်ပြုထားတာရှိပါတယ်။ တကယ်ပြောရရင်တော့ မြန်မာပြည်မှာအများပိုင်ကုမ္ပဏီပေါင်း နှစ်ရာကျော်လောက် မှတ်ပုံတင်ထားတာရှိပါတယ်။ ဘာမှမရှိတာထက်စာရင် ရှေ့ခြေလှမ်းပိုလှမ်းထားနိုင်တယ်လို့ မြင်ပါတယ်။ ဒီအများပိုင်ကုမ္ပဏီတွေကလည်းအနှေးနဲ့ အမြန်  ဒီရန်ကုန်စတော့အိတ်ချိန်းကို ဝင်လာမယ်လို့ မျှော်မှန်းပါတယ်။ ဒီလိုမျိုးဝင်ရောက်လာရင် စတော့အိတ်ချိန်းဈေးကွက်ကပိုပြီးတော့ ကြီးမားကျယ်ပြန့်လာမယ်၊ ဈေးကွက်ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်။

မဇ္ဈိမ။  ။ YSX မှာ ဘယ်ကုမ္ပဏီတွေနောက်ထပ်စာရင်းဝင်လာမယ်လို့ကြားလဲ

ဦးထွန်းထွန်း။  ။ဘဏ္ဍာရေး၊ ဒုတိယဝန်ကြီးကတော့ မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီက ဆက်ပြီးတော့ ရန်ကုန်စတော့ အိတ်ချိန်းမှာ Listed ကုမ္ပဏီဖြစ်လာမယ်လို့ ပြောထားပါတယ်။

မဇ္ဈိမ။  ။ကုမ္ပဏီတစ်ခုနဲ့တစ်ခုကြား YSX မှာ စာရင်းဝင်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ

ဦးထွန်းထွန်း။  ။ဒါတော့ ကျွန်တော်မပြောတတ်ဘူး၊ ဒါကတော့ Stock exchange နဲ့ Security exchange ကော်မရှင်ရဲ့ စီစစ်မှုအပေါ်မှာမူတည်ပါမယ်။

မဇ္ဈိမ။   ။စိန်ခေါ်စရာတွေနဲ့ပတ်သတ်ပြီးဒီအရင်းအနှီးဈေးကွက်ဖြစ်တဲ့ YSX မှာဘာတွေရှိမယ်လို့ မြင်လဲ

ဦးထွန်းထွန်း။  ။ ကျွန်တော် တင်ပြခဲ့သလိုပေါ့၊ အများပိုင်ကုမ္ပဏီတွေကရန်ကုန်စတော့အိတ်ချိန်းထဲကို ဝင်ရောက်ပြီးဘယ်လိုမျိုးကြီးမားကျယ်ပြန့်အောင် လုပ်ဆောင်ကြမလဲ၊ အရင်းအနှီးဈေးကွက်ကြီးတိုးတက်အောင်ဘယ်လိုလုပ်ဆောင်မလဲ..ဒါကတစ်ခုပေါ့၊ နောက်ထပ် စိန်ခေါ်စရာကဘာလဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေဆိုရင် ရင်းနှီးမြှုပ်နှံ တဲ့နေရာမှာဘယ်လိုမျိုးရင်းနှီးမြှုပ်နှံကြမလဲ၊ ဘာတွေကိုဂရုစိုက်ရမလဲ..Investor Education ပေါ့၊ ဒီ(၂)ခုကရန်ကုန် စတော့အိတ်ချိန်းမှာအဓိကဆောင်ရွက်ရမယ့်ကိစ္စတွေလို့ ကျွန်တော်တို့ မြင်ပါတယ်။

မဇ္ဈိမ။  ။ YSX ကိုမသိသေးတဲ့ ပြည်သူတွေကိုဘာပြောချင်လဲ၊ FMI အနေနဲ့ ဘာပြောချင်လဲ

ဦးထွန်းထွန်း။  ။အဓိကကတော့ Investor Education ပါပဲ၊ ဈေးကွက်တစ်ခုမှာက Properly ရင်းနှီးမြှုပ်နှံတာရှိသလို ၊ Speculative ကစားတာရှိတယ်၊ ဒီလိုမျိုး Speculative ကစားတာဆိုရင် Risk က ပိုကြီးသွားပြီ၊ သူ့ကိုယ်သူရင်းနှီးမြှုပ်နှံ သွားနိုင်တဲ့အချိန်မှာအချိန်ကာလတစ်ခုမှာအောင်မြင်မှုရလာပါလိမ့်မယ်၊ ကျွန်တော်တို့ ကုမ္ပဏီတွေဘက်ကလည်း Investor Education ကို Contribute လုပ်ပေးဖို့ Ready ပါပဲ။

မဇ္ဈိမ။  ။FMI က ပြည်တွင်းကုမ္ပဏီတွေထဲမှာရပ်တည်ချက်ကောင်းတွေရှိနေတယ်၊ ဒီကနေ မြန်မာနိုင်ငံအတွက်ရော၊ ဒေသတွင်းမှာပါ ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ်တွေရှိရင် သိရမလားခင်ဗျ။

ဦးထွန်းထွန်း။  ။ ကျွန်တော်ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့မှာအဓိကဦးတည်သွားမယ့် မဟာဗျူဟာလုပ်ငန်း(၃)ခုရှိတယ်၊ ဒါက ကျွန်တော်တို့လုပ်မယ့်ပမာဏပါ၊ ဒါပေမယ့် တကယ့်လုပ်ငန်းအကြီးကြီးတွေလုပ်တဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ အလုပ်အများကြီးလုပ်နေတဲ့ကုမ္ပဏီကြီးတွေနဲ့ဆိုရင် ကျွန်တော်တို့ကသေးပါသေးတယ်၊ဒီနေရာမှာ ကျွန်တော်တို့ဆိုရင် လုပ်ငန်းကောင်းကောင်းလုပ်နိုင်တယ်၊ Cooperate Good Governance နဲ့ ပိုပြီးကောင်းအောင်ဆောင်ရွက်နိုင်တာဖြစ်တာကြောင့် ရှယ်ယာရှင်တွေ အကျိုးရှိယုံသာမက၊ Investor တွေ အကျိုးရှိယုံသာမက General Public အတွက် အကျိုးရှိစေပြီးတော့ အဓိပ္ပာယ်ကတော့ Economy အတွက် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

မဇ္ဈိမ။  ။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအပေါ်မှာ မြန်မာနိုင်ငံရှိရောက်နေပြီလို့ပြောပေမယ့်  နောက်မှာပဲရှိနေသေးတယ်၊ အပြောင်းအလဲဖြစ်သွားမယ်လို့ ထင်သလား၊ အစိုးရစီးပွားရေးပိုအားကောင်းအောင် ဘာတွေလုပ်ပေးနိုင်မလဲ။

ဦးထွန်းထွန်း။  ။ကျွန်တော်တို့နိုင်ငံကိုနိုင်ငံတကာက မြင်ကျတာက Frontier market ၊ emerging market လို့သတ်မှတ်ထားတယ်၊ဆိုတော့ အရင်ရှိပြီးသားစီးပွားရေးပုံစံအဆောက်အဦးကနေနောက်ထပ် ပိုပြီးတော့ အဆင့်မြင့်တဲ့ စီးပွားရေးပုံစံအဆောက်အဦးအဖြစ် တဖြည်းဖြည်းတက်လှမ်းသွားမှာပဲ။ ဒီလိုတက်လှမ်းသွားမယ့်နေရာမှာလက်ရှိကျွန် တော်တို့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေတင်မကဘူး၊တစ်ခြားနိုင်ငံတွေမှာဖြစ်ခဲ့တဲ့ အမှားအယွင်းတွေကိုလည်း ကျွန်တော်တို့နိုင်ငံရဲ့ Policy Makerတွေကပံ့ပိုးပေးနိုင်မယ်လို့ သိထားပါတယ်။ သင့်တော်တဲ့ Policy တွေချသွားလို့ရှိရင် လမ်းကြောင်းမှန်မှန်ကန်ကန်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်သွားမယ်လို့ ယုံကြည်ထားပါတယ်။

မဇ္ဈိမ။  ။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားတယ်ဆိုပေမယ့် သတိတော့ ထားနေတာပေါ့၊ အစိုးရသစ် အုပ်ချုပ်တဲ့အခါမှာဒါကအပြောင်းအလဲတွေ ဖြစ်ရင်လည်း ဖြစ်သွားမလား၊ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေတွေ့ကြုံနေရတဲ့ အတားအဆီးတွေကိုလျှော့ပါးသွားမလား။ ပြီးတော့ YSXအပေါ်မှာအစိုးရသစ်သဘောထားက…

ဦးထွန်းထွန်း။  ။ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြီးတော့ တိုးတက်ရမယ့် ဧရိယာတွေအများကြီးရှိပါတယ်၊ ဥပမာတစ်ခုပြောရမယ်ဆိုရင် မြန်မာကုမ္ပဏီအက် (Myanmar Company Act)..စီးပွားရေးလုပ်ငန်းတွေပိုပြီးတိုးတက်ကြီးထွားဖို့ အတွက် လိုအပ်တဲ့ ဥပဒေဆိုရင် Company Act..ဒီဥပဒေကို ပြန်ကြည့်လို့ရှိရင် ၁၉၁၄ ခုနှစ်ကဟာ..လွန်ခဲ့သော နှစ် (၁၀၀)ကျော်ကဟာ ..လွန်ခဲ့တဲ့နှစ် (၁၀၀)ကျော်က ဖြတ်သန်းလာခဲ့တဲ့ စီးပွားရေးပတ်ဝန်းကျင်က မတူတော့ဘူး၊ ပြောင်းလဲကုန်ပြီ၊ ဒါမျိုးတွေက ပြုပြင်ရတော့မယ်၊ ဒါကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေတင်မကဘူး၊ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်းအခွင့်အလမ်းပိုတိုးလာပါလိမ့်မယ်။ ဒီအပေါ်မှာသင့်တော်တဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်မယ်လို့ မျှော်မှန်းပါတယ်။

YSX နဲ့အပေါ်မှာလည်းအစိုးရသစ်ရှိမယ့်အမြင်ကို ကျွန်တော့်အနေနဲ့ စိုးရိမ်စရာရှိလာမယ်လို့ မမြင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်စီးပွားရေးအတွက် လိုအပ်နေတဲ့အရာတစ်ခုပါ၊ ဘယ်အစိုးရတက်တက် ဒါကိုမကောင်းမြင်စရာအကြောင်းမရှိဘူး၊ ကျွန်တော်ယုံကြည်ပါတယ်။

မဇ္ဈိမ။  ။ ဖြည့်စွပ်ပြောချင်တာရှိလား

ဦးထွန်းထွန်း။  ။ ကျွန်တော်..အထူးမရှိပါဘူး၊ ကျေးဇူးပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly