ဒီမိုကရေစီရေးအတွက် အနှောက်အယှက် ၂ခုရှိနေဟု တပ်ချုပ်ပြော

ဒီမိုကရေစီရေးအတွက် အနှောက်အယှက် ၂ခုရှိနေဟု တပ်ချုပ်ပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၆)။ ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် အဓိက ဟန့်တား၊ နှောက်ယှက်မှု နှစ်ခု
ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ်လ ၂၇ရက်တွင်
ကျရောက်သော (၇၁)နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့)အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆို
လိုက်သည်။

"တို့နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောက်ယှက်ဟန့်တားမှု နှစ်ခုကတော့ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်
ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင် သောင်းကျန်းမှုများ ရှိနေခြင်းပဲ ဖြစ်တယ်" ဟုဆိုကာ
"ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်" ဟု နေပြည်တော်တွင် ယနေ့နံနက်ပိုင်းကပြုလုပ်သော
အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအဖြစ် ခံယူထားသော တိုင်းရင်းသားလက်နက်ကိုင်များအား
ရည်ညွှန်းကာ "လက်နက်ကိုင် သောင်းကျန်းမှု" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သုံးနှုန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ချက်ကို ကျော်လွှားနိုင်မှ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးမည်ဟုလည်း သူက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များအား "လက်နက်ကိုင် သောင်းကျန်းမှု" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုမှုအပေါ်
မွန်းအမျိုးသားပါတီဥက္ကဌ နိုင်ငွေသိမ်းက "သူတို့သဘောထားကတော့ ဘာမှမပြောင်းဘူးလေ။ ၂၀၀၈ဖွဲ့စည်းပုံကို
အသက်ပေးပြီး ကာကွယ်မယ်ဆိုတာကိုး။ ငြိမ်းချမ်းရေးကိစ္စမှာပြောသွားတာလည်း အရင်အတိုင်းပဲလေ" ဟု မဇ္ဈိမကို
ပြောသည်။

ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မိန့်ခွန်းတွင် "ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့
နေရာမှာ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် ရယူလိုတဲ့ ဆန္ဒရှိဖို့ လိုအပ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပါတီစုံဒီမိုကရေစီ
လမ်းကြောင်းကို ငြိမ်းချမ်းတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ လျှောက်လှမ်းသွားလိုတဲ့စိတ်ရှိရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး
လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမှာပဲ ဖြစ်ပါတယ်" ဟု ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို မရသေးဘဲ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ကသာ
အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသေးသည်။

ယခုလကုန်တွင် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမဦးစားပေး
ကိုင်တွယ်ဖြေရှင်းမည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDအစိုးရက စတင်တာဝန်ယူတော့မည်
ဖြစ်သည်။

ယနေ့ပြုလုပ်သော တပ်မတော်နေ့(တော်လှန်ရေးနေ့)အခမ်းအနားသို့ တပ်မတော်အရာရှိများ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့်
စစ်မှုထမ်းဟောင်းများ တက်ရောက်ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများလည်း တက်ရောက်ကြပြီး အချို့သော
တပ်မတော်အငြိမ်းစားဝန်ကြီးများမှာ တပ်မတော်ယူနီဖောင်းဝတ်ဆင်ကာ တက်ရောက်လာကြသည်ကို တွေ့ရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်တော်လှန်ရေး တပ်သားများ ရန်ကုန်မြို့
တော်လှန်ရေးပန်းခြံတွင် စစ်ချီအခမ်းအနား စတင်ခဲ့ရာ၊ ဖက်ဆစ်စနစ်ဆိုးကို စတင်တော်လှန်ခဲ့ရာ မတ်လ ၂၇ရက်ကို
"တော်လှန်ရေးနေ့" အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပလာခဲ့ရာက လူတစ်စုက တပ်မတော်နေ့ဟု
အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly