သည်းခံစိတ်ဖြင့် ဒီမိုကရေစီ ကူးပြောင်းဖို့ အဆင်သင့်ဖြစ်နေသည့် ပြည်သူများ

သည်းခံစိတ်ဖြင့် ဒီမိုကရေစီ ကူးပြောင်းဖို့ အဆင်သင့်ဖြစ်နေသည့် ပြည်သူများ

တနေ့က ကန်ကြီးဒေါင့်ဈေးမှာ ရှို့မီးတစ်ခုကို အချိန်မီသိလို့ ဈေးကြီးတစ်ခုလုံးနဲ့ မြို့လူထု လက်မတင်လေး ကံကောင်းစွာ မီးဘေးကလွတ်သွားရတယ်။ကင်းဝေးကြရတယ်။ ဓါတ်ဆီတွေ  ပုံးနဲ့ ထည့်ယူလာတာ အဝတ်စုတ်တွေကအစ သက်သေခံပစ္စည်းတွေ မိတယ်။

မီးရှိုှု့ဖို့ ကြိုးစားတဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ မိမိတို့ပြည်သူတွေ ဟာ အာဏာရှင်စနစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ် အုပ်ချုပ်မှုကို ကူးပြောင်းနိုင်ဖို့အတွက် စိတ်အား ထက်သန်နေကြတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ အာဏာရှင်စနစ်ကြောင့် ကြီးပွားချမ်းသာကြသူတွေ၊ အာဏာအားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ဖိနှိပ်လိုသူတွေအဖို့တော့ မျောက်မီးခဲကိုင်မိသလို ဖြစ်နေကြမှာကလည်း သေချာပါတယ်။ သူတို့တတွေဟာ အာဏာရှင်စနစ်ကြောင့် ကြီးပွားချမ်းသာကြ တာဖြစ်တယ်။ အာဏာတွေ ပိုပြီး ရှိသထက် ရှိလာကြသူတွေဖြစ်တယ်။ ဒါကြောင့်မို့ အာဏာရှင်စနစ်  ကွယ်ပျောက်သွားမှာ ဒီမိုကရေစီစနစ် အစားထိုးဝင်ရောက်လာမှာကို သဘာဝကျစွာ လိုလားကြမယ် မဟုတ်ပါဘူး။

ဒီလိုအခြေအနေမှာ ဒီမိုကရေစီမထွန်းကားရလေအောင်၊ ဒီမိုကရေစီစနစ် တည်ငြိမ်အေးချမ်း စွာ မကူးပြောင်းရလေအောင် နည်းမျိုးစုံနဲ့ ကာကြ၊ ဖျက်ကြ၊ နှောက်ယှက်ကြမှာကလည်း မြေကြီးလက် ခတ်မလွဲပါဘူး။ ဒါကို ဒီမိုကရေစီလိုလားသူ ပြည်သူအားလုံးက သဘောပေါက်ထားကြပြီးဖြစ်တယ်။ ဒါကြောင့်မို့ မကြာခဏဆိုသလို မီးတွေ အကြီးအကျယ်လောင်ကျွမ်းနေတာဟာ မသမာသူတို့ရဲ့ လက်ချက်များ ဖြစ်နေလေမလားလို့ သံသယဝင်နေကြတဲ့အချိန်မှာ ကန်ကြီးဒေါင့် မီးရှို့ဖို့ကြိုးစားတဲ့ အမှုကို ကြားကြရတာပဲဖြစ်ပါတယ်။ ကံကြီးဒေါင့် ရှို့မီးဟာ မပြေးသော်တန်ရာရှိ ဒီမိုကရေစီမလို လားသူတွေ၊ အာဏာရှင်စနစ်ဘက်တော်သားတွေ၊ အာဏာရှင်စနစ်ကြောင့် ကြီးပွားချမ်းသာလာကြ ရသူတွေရဲ့လက်ချက်များ ဖြစ်နေလေမလားဆိုတဲ့သံသယကို ပြည်သူတွေက တွေးမိလာကြရပါတယ်။ ဒါကလည်း သဘာဝကျတဲ့အတွေး ဖြစ်ပါတယ်။

ဒီကြားထဲ ယခင်အစိုးရတာဝန်ရှိသူတွေရဲ့ အပြုအမူ အပြောအဆိုတွေကလည်း ပြည်သူတွေရဲ့ စိတ်ကို ရှုပ်ထွေးစေပြန်ပါတယ်။ အဲဒီတာဝန်ရှိသူတွေဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားလို့ ဒီတာဝန်တွေ ရလာခဲ့ကြသူတွေမဟုတ်တဲ့အပြင် အာဏာရှင်စနစ်အောက်မှာပဲ လုပ်ပိုင်ခွင့်အာဏာ တွေ ရရှိလာကြသူတွြေုဖစ်တာမို့ သူတို့က ဘယ်လိုပဲ ဒီမိုကရေစီစနစ်ကို လက်ခံပါသည်ပြောသည့် တိုင် ပြည်သူတွေ ယုံကြည်ဖို့ အခက်အခဲ အများကြီး ရှိပါတယ်။ ဒီကြားထဲ အာဏာလက်ရှိ လူတချို့ရဲ့ ယခင်အာဏာရှင်ဟောင်းတစ်ဦးကို ဘုရားနဲ့နှိုင်းပြီး ပုဂ္ဂိုလ်ရေး လွန်လွန်ကဲကဲပြောဆိုအမွှန်းတင်မှုတွေ၊ အစိုးရအဖွဲ့သစ်နဲ့ အဖွဲ့ဟောင်း အစစ လွှဲပြောင်းမှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကက်ကက်လန်အောင် ပြန်လည်ပြောဆိုမှု၊ တာဝန်မဲ့ လက်လွတ်စပယ်ပြောဆိုမှုတွေကြောင့်လည်းပဲ ပြည်သူတွေဟာ ပိုမို စိတ်ရှုပ်ထွေးကြရပါတယ်။ ပြည်သူတွေရဲ့စိတ်ထဲရှိနေတဲ့သံသယကို ပိုပြီး မီးထိုးပေးသလို ဖြစ်စေ ပါတယ်။

တချိန်တည်းမှာပဲ တိုင်းပြည်သယံဇာတတွေကို နိုင်ငံခြားသားလုပ်ငန်းရှင်တွေဆီ အလျင်အမြန် တူးဖေါ်သယ်ယူခွင့်ပေးနေခြင်း၊ စီးပွားရေးသမားများကလည်း တိုင်းပြည်သယံဇာတပစ္စည်းများကို ပေါ်ပေါ်တင်တင်ပဲ အလျင်အမြန် ရုပ်ပျက်ဆင်းပျက် တူးဖေါ်သယ်ယူနေကြခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ယုံကြည်လောက်အောင်မရှိဘဲ အာမခံချက်အားနည်းလှတဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေကို လုပ်ငန်းရှင်တွေလက်ထဲ ရက်ပိုင်းအတွင်း လုပ်ပိုင်ခွင့်ပေးနေခြင်း အစရှိတဲ့ ဖုတ်ပူမီးတိုက် လုပ်ငန်းတွေကိုကြည့်ပြီးလည်း ပြည်သူတွေဟာ စိတ်ပူပန်ကြရ စိတ်ရှုပ်ထွေးကြရပါတယ်။

ဒီလိုအချိန်မှာ ပြည်သူတွေဟာ ရာစုနှစ်ဝက်ကျော် ခံစားဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းအတွေ့အ ကြုံတွေအရ လတ်တလောဖြစ်ပျက်နေတဲ့ အကူးအပြောင်းလုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ အပြောအဆိုများကို တည်ငြိမ်စွာ သီးခံစောင့်ကြည့်နေကြပုံ ရပါတယ်။ ဘယ် စကားကို ဘယ်လိုတုန့် ပြန်ပြီး ဘယ်အပြုအမူကို ဘယ်လို လစ်လျူရှုရမယ်ဆိုတာ ယေဘုယျအားဖြင့် ခြုံမိငုံမိနေကြပုံရပါ တယ်။ အဆင်မပြေမှုတွေ၊ သင်္ကာမကင်းဖြစ်မှုတွေ၊ ကျဉ်းမြောင်းပြီး အစွန်းရောက်တဲ့ ဘာသာရေးနဲ့ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုတွေ၊ ဘယ်မြို့ ဘယ်ဒေသ ဘယ်ဒေါင့်ကပဲလာလာ သီးခံစောင့်ကြည့်တဲ့ အလုပ်ကို အထိအခိုက်အပွန်းအပဲ့မခံ ကြံ့ကြံ့ခံ ရပ်တည်နေကြတာ သိသာပါတယ်။

ဒါကြောင့်မို့ မပြေးသော်တန်ရာရှိ အများက သံသယရှိနေသလို ဒီမိုကရေစီအကူးအပြောင်းအ ပေါ် ဖျက်လိုဖျက်ဆီး လုပ်ငန်းများ ရှိနေခဲ့သည်ရှိသော်၊ ပေါ်ပေါက်နေခဲ့သည်ရှိသော် ရှင်ကြီးရှင်ငယ် ဝမ်း ဝင်ခဲ့ဖူးပြီဖြစ်တဲ့ ပြည်သူများကတော့ အောင်မြင်စွာ ကျော်လွှားသွားနိုင်မှာ သေချာကြောင်း မဇ္ဈိမ က လေးနက်စွာ ယုံကြည်မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly