မဇ္စျိမရဲ့ အလှဆုံးပွဲ ပွဲကြို သုံးသပ်ချက်(အင်္ဂလန် - နယ်သာလန်)

26 March 2016
မဇ္စျိမရဲ့ အလှဆုံးပွဲ ပွဲကြို သုံးသပ်ချက်(အင်္ဂလန် - နယ်သာလန်)

ဒီတစ်ပါတ် မဇ္ဈိမရဲ့ အလှဆုံးပွဲကဏ္ဍမှာ နိုင်ငံတကာ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ အင်္ဂလန်-နယ်သာလန် တို့ရဲ့  ပွဲစဉ်ကို သုံးသပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန် - နယ်သာလန် (ဗုဒ္ဓဟူးနေ့ နံနက် ၁း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

အင်္ဂလန် ၂-၃ နယ်သာလန် (၂၀၁၂၊ ခြေစမ်းပွဲ)

နယ်သာလန် ၂-၂ အင်္ဂလန် (၂၀၀၉၊ ခြေစမ်းပွဲ)

နယ်သာလန် ၁-၁ အင်္ဂလန် (၂၀၀၆၊ ခြေစမ်းပွဲ)

အင်္ဂလန်

အင်္ဂလန်က ယူရိုခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရပြီး အောင်စစ်ပွဲအောင်ထားတယ်။ နည်းပြဟော့ဒ်ဆန်လက်ထက်မှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြီးတဲ့နောက် ကစားခဲ့တဲ့ ၁၆ ပွဲမှာ စပိန်တစ်သင်းကိုပဲ ခြေစမ်းပွဲမှာ ရှုံးခဲ့တယ်။ ၁၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျခဲ့တယ်။

ဝင်ဘလေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာလည်း ပွဲတိုင်း အနိုင်ရထားတယ်။ အဲ့ဒီ ၇ ပွဲမှာ ၁၉ ဂိုးသွင်းပြီး ၁ ဂိုးပဲ ပေးခဲ့ရတယ်။

လူငယ်အင်အားနဲ့ အသင်းကတောင့်တင်းနေတယ်။ တိုက်စစ်မှာ ရွန်နီမပါနိုင်ပေမယ့် ဟယ်ရီကိန်း၊ စတူးရစ်ချ်၊ ဗာဒီ၊ ဝဲလ်ဘတ်၊ ဝဲလ်ကော့တို့ကြောင့် တိုက်စစ်အား ကျသွားစရာ မရှိဘူး။

ဒီပွဲမတိုင်ခင်မှာ ဂျာမနီနဲ့ ကစားထားရမှာဖြစ်ပြီး ဂျာမနီနဲ့ မတိုင်ခင် အသင်းကြီးတွေဖြစ်တဲ့ အီတလီ၊ စပိန်၊ ပြင်သစ်တို့နဲ့ ကစားခဲ့တယ်။ ပြင်သစ်ကိုနိုင်၊ အီတလီကိုသရေကျပြီး စပိန်ကို ရှုံးခဲ့တယ်။ အသင်းကြီးတွေနဲ့ ကစားရမှာ သူတစ်ပြန် ကိုယ်တစ်ပြန် အနေအထားမျိုးတွေ့ရတယ်။

နယ်သာလန်

နယ်သာလန်က ခြေစွမ်းဆိုးရွားနေတယ်။ ယူရိုခြေစစ်ပွဲလည်း မအောင်ခဲ့ဘူး။ ကိုဝေဘုန်းလူ သတိထားမိလား မသိဘူး ။ ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပိုင်းမှာ နယ်သာလန်တို့ ပြိုင်ပွဲကြီးတိုင်းကို ခြေစစ်ပွဲအောင်ခဲ့တယ်။ ခြေစစ်ပွဲတွေမှာလည်း ခြေစွမ်းပြတယ်။ ပြိုင်ပွဲရောက်ပြီဆိုရင်လည်း အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ နယ်သာလန်တို့ ဆိုးဆိုးရွားရွား အခြေအနေကို ရင်ဆိုင်လိုက်ရတယ်။ အဓိက ကတော့ လူငယ်မျိုးဆက်သစ်တွေ ထွက်မလာဘူး။ ဒါကြောင့် အကျပိုင်းရောက်နေတဲ့ ကစားသမားတွေကို အားကိုးနေရတယ်။ ရှနိုက်ဒါတို့၊ ဗန်ပါစီတို့၊ ဒီဂျောင်တို့၊ ရော်ဘင်တို့ ဒီကစားသမားတွေက ကျနေပမယ့် သူတို့ကို မှီခိုနေရလို့ ရလဒ်ဆိုးရွားခဲ့တယ်လို့ ထင်တယ်။

ခြေစစ်ပွဲမအောင်လို့ နည်းပြအပြောင်းအလဲလုပ်တယ်။ ဟစ်ဒင့်ကိုထုတ်ပြီး ဒန်နီဘလိုင်းကိုထည့်တယ်။ နစ္စတယ်ရွိုင်းတို့ ဗန်ဘက်စတင်တို့က အသင်းကို ကူညီနည်းပြပေးတယ်။ ဒါပေမဲ့ အသင်းက သိသိသာသာ မပြောင်းလဲသွားဘူး။

အခုဆိုရင်လည်း မန်ယူမှာ ခြေစွမ်းမပြနိုင်တဲ့ ဒီပေး၊ ကျနေပြီဖြစ်တဲ့ ရှနိုက်ဒါတို့ ဟန်တယ်လာတို့ကို ပြန်ရွေးထားရတယ်။ ရလဒ်ကောင်းတွေရဖို့ တော်တော်လေး ပြန်လည်ပြီး ကြိုးစားရမယ့် အနေအထားပေါ့။

သုံးသပ်ချက်

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုကတော့ ၂၀၁၂ ခြေစမ်းပွဲမှာ အင်္ဂလန်က ၂-၃ နဲ့ ရှုံးတယ်။ ၂၀၀၉မှာ ၂-၂ သရေကျတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ၁-၁ သရေကျတယ်ပေါ့။ နောက်ဆုံးခြောက်ကြိမ်မှာ အင်္ဂလန် တစ်ပွဲမှ မနိုင်ထားဘူး။ ၂ ပွဲရှုံး လေးပွဲသရေကျထားတယ်။

လက်ရှိ အင်္ဂလန်က အိမ်ကွင်းလည်းဖြစ်တယ်။ ခြေလည်းသာတယ်။ ပရိသတ်အားကလည်းရှိတယ်။ အင်္ဂလန်အသာရမှာ သေချာတယ်။ နယ်သာလန်က စိတ်ဓာတ်ပိုင်းကအစ အကျပိုင်းရောက်နေတယ်။ ဒါကြောင့် နယ်သာလန်တို့ သရေလောက်ရအာင်ပဲ ကြိုးစားကစားလိမ့်မယ်။

ဒါကြောင့် အင်္ဂလန်ပဲ နိုင်သွားမယ်လို့ ခန့်မှန်းချင်တယ်။ ဂိုးတော့မပြတ်ဘူး။ ၁-၀ လောက်နဲ့ အင်္ဂလန်နိုင်မယ်လို့ ခန့်မှန်းချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly