“ ရွေးကောက်ပွဲကာလ တည်ငြိမ်ရေး ”

“ ရွေးကောက်ပွဲကာလ တည်ငြိမ်ရေး ”

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ လေးလ ဝန်းကျင်ပဲ လိုပါတော့တယ်။ အစိုးရဘက် ကတော့ လာမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကျင်းပပေးမယ်။ အဲလို ကျင်းပပေးနိုင်ရေးအတွက် တိုင်းပြည် တည်တည်ငြိမ်ငြိမ် ရှိနေသင့်တယ်။ တည်ငြိမ်မှုရ အောင် ဝိုင်းပြီး ထိန်းသိမ်းပေးကြပါဆိုပြီး ပြောဆိုမှုတွေ ရှိလာပါတယ်။ သူတို့ပြောတာ မှန်ပါ တယ်။ တိုင်းပြည် တည်ငြိမ်မှုရှိမှ ရွေးကောက်ပွဲကိုလည်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ကျင်းပနိုင်မှာပါ။ တိုင်းပြည် မတည်ငြိမ်မှုဆိုတာ ဘာကို ခေါ်တာလဲ။ ရွေးကောက်ပွဲကာလ ဘယ်လို မတည်ငြိမ်မှုတွေ ပေါ်ပေါက်နိုင်သလဲ။ အဲဒီ မတည်ငြိမ်မှုတွေအတွက် ဘယ်သူတွေ က ထိန်းသိမ်းဖို့ တာဝန်ရှိမလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အစိုးရဘက်ကပြောတဲ့ တိုင်းပြည် တည်ငြိမ်ရေးကို ဘာသာပြန်ရရင် ပြည်သူလူထုကြီး ငြိမ်ငြိမ်သက်သက် နေကြပါ၊ ဆန္ဒပြတာတွေ ဆူပူတာတွေ မလုပ်ကြပါနဲ့၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကလည်း တိုက်တာ ခိုက်တာ မလုပ်နဲ့၊ စစ်ရေးဆောင်ရွက်တာတွေ ရပ်နားထားပါဆိုတဲ့ အဓိပ္ပာယ် ထွက်ပါတယ်။ တကယ်တော့ ဒီလို ပြောဆိုနေမှုတွေဟာ အပြည့်အဝ မှန်ကန်မှု မရှိပါဘူး။

ကောင်းပါပြီ၊ အစိုးရဘက်က ပြောသလို ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြတယ်။ ဆူဆူပူပူလုပ်တယ် ဆိုပြီး စွပ်စွဲတယ်ပဲ ဆိုပါစို့။ တကယ့်အကြောင်းရင်းခံက ဘာလဲဆိုတာ အသေအချာ အဖြေရှာဖို့ လိုပါတယ်။ စားဝတ်နေရေး ခက်ခဲတဲ့ မြန်မာနိုင်ငံမှာ ဘယ်ပြည်သူ တွေကမှ အကြောင်းမဲ့ လမ်းပေါ်ထွက်တာ၊ ဆန္ဒပြတာ၊ အခြား တစ်နည်းနည်းနဲ့ ဆန္ဒထုတ်ဖော် တာမျိုး လုပ်လေ့ မရှိပါဘူး။ အကျိုးအကြောင်း ရှိပါတယ်။ အဲဒီထဲမှာ အာဏာပိုင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းတွေက အဓိက ဖြစ်ပါတယ်။ 

ဥပမာ လတ်တလော ပြဿနာကြီးတစ်ခုကို ရှင်းပြပါရစေ။ လာမယ့် ရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့် ရှိသူစာရင်း ထုတ်ပြန်ကြေညာနေပါတယ်။ ပြည်ထောင်စု ကော်မရှင်ရဲ့ တာဝန် မကျေမှု၊ အောက်ခြေ ကော်မရှင် အသီးသီးရဲ့ ဖြစ်ကတတ်ဆန်း မဲစာရင်း ပြုစုမှုတွေ ကြောင့် မဲစာရင်းမှာ အမှားတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ သူ့အောက်ခြေ ကော်မရှင် အဖွဲ့ဝင်တွေ ဘယ်လို စာရင်းပြုစုလို့ ခုလောက် အမှားများနေသလဲ ပြန်ပြီး ဝေဖန်ဆန်းစစ်တာ မလုပ်ဘဲ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ အင်န်ဂျီအိုတွေ ဘက်လှည့်ပြီး မဲစာရင်းတွေ သွားစစ်ကြပါ၊ မှားရင် ပြောပါ၊ ပြည်သူတွေ မဲစာရင်းစစ်အောင် စည်းရုံးပါ ဆိုပြီးပဲ ပြောဆိုနေပါတယ်။ ပြောရရင် ကိုယ့်တာဝန် ကိုယ်မယူ ဘူးဆိုတဲ့ သဘောပါ။ ဒီ ပြဿနာကြီး မပြီးခင် နောက်ထပ် ပြဿနာကြီးတစ်ခု လာပါဦးမယ်။ ကိုယ်နေထိုင်ရာမှာ မဲစာရင်း မပေါက်တဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေသူတွေ မဲပေးခွင့်ရရေး ဖြစ်ပါတယ်။ အဲဒီမှာလည်း မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် မလုပ်ပေးရင် လာမယ့် မဲပေးပွဲမှာ မဲပေးခွင့် ဆုံးရံှုးတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှု၊ ဒေါသတွေ ပေါက်ကွဲထွက်လာနိုင်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်နဲ့ နေရာဒေသ တချို့မှာ အဲလို အဖြစ်အပျက်မျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရွာလုံးကျွတ် မဲစာရင်းထဲ မပါ၊ မဲပေးခွင့် မရတာမျိုးပါ။ ဒီအခါ ရွာသူရွာသားတွေက အတင်းအဓမ္မ တောင်းဆိုပါတယ်။ မဲပေးခွင့် မပေးရင် ဆန္ဒပြ မယ်၊ နောက်ဆုံး အကြမ်းဖက်မယ် ဆိုတာအထိ ဖြစ်လာပါတယ်။ နောက်ဆုံး ရွေးကောက်ပွဲကို ပြဿနာ မပေါ်စေချင်တဲ့ အာဏာပိုင်တွေဟာ သူတို့ ဥပဒေကို သူတို့ကိုယ်တိုင် မျက်ကွယ်ပြု အလျှော့ပေးပြီး မဲပေးခွင့် ပေးလိုက်ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ပြောရရင် အခုလက်ရှိ မဲစာရင်း ပြဿနာ ဆိုတာဟာ အဲလို မကျေမနပ်မှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာဖို့ မီးမွှေးပေး နေတာမျိုးနဲ့ တူနေပါတယ်။

ဆိုလိုရင်းကတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို အဓိက လုပ်ရမှာ အာဏာပိုင် အဖွဲ့အစည်းပါ။ အာဏာ၊ လက်နက်၊ တရားရုံး၊ ဥပဒေကို အသုံးပြုပြီး အနိုင်ကျင့်တာ၊ မတော်မတရား ဖိနှိပ်တာမျိုးတွေ မလုပ်ဖို့ လိုပါတယ်။ အဲလို လုပ်ခဲ့မယ်ဆိုရင် ပြည်သူတွေ အနေနဲ့ အခြားရွေးချယ်စရာ မရှိဘဲ ဆန္ဒပြတာ၊ ဒီထက် ဆိုးရွားတာမျိုးအတွက် ဆူဆူပူပူ လုပ်တာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိ လက်ပံတန်းမှာ ဆန္ဒပြ ကျောင်းသားတွေ ကို အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ထဲ ပို့ထားတာမျိုးဟာ အဲလို ပြဿနာမျိုး အတွက် မီးမွှေးထားတဲ့ သဘောပဲ ဖြစ်ပါတယ်။  

နောက်ထပ် ပြဿနာ တစ်ခုက လက်နက်ကိုင် တိုင်းရင်းသား ထိန်းချုပ်ဒေသတွေနဲ့ ဆက်စပ်နယ်မြေတွေ တည်ငြိမ်ရေးပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ဝ လက်နက်ကိုင်နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ (၅) မြို့နယ်လောက်နဲ့ ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်မြေ တချို့ကလွဲရင် ကျန် မဲဆန္ဒနယ် အားလုံးလိုလိုလောက်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။ အခု အဲဒီ စာရင်းမှာ ကိုးကန့်ဒေသတစ်ခု တိုးလာတာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲလို နယ်မြေတွေမှာ ရွေးကောက်ပွဲ လုပ်နိုင်ရေးဟာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေရဲ့ သဘောထား အပေါ်မှာ မူတည်နေပါတယ်။ အစိုးရဟာ အဲဒီ ဒေသတွေမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့ တပ်မတော်ကို တိုက်တွန်းသင့်ပါတယ်။ အလားတူ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်န်အယ်လ်ဒီ အပါအဝင် နိုင်ငံရေးပါတီတွေကလည်း  တပ်မတော်ဘက်ကိုရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကိုပါ ရွေးကောက်ပွဲကာလ အပစ်ရပ်ထားကြဖို့၊ တတ်နိုင်တဲ့နည်းနဲ့ ရွေးကောက်ပွဲကို အကူအညီ ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားသင့်ပါတယ်။ 
 
နောက်ထပ် အရေးကြီး ပြဿနာကြီး တစ်ခုကတော့ အချိန်မရွေး ပေါက်ကွဲ ထွက်လာ နိုင်တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှုတွေ မဖြစ်ပွားဖို့ပါ။ ရခိုင်ပြည်နယ်မှာ တော့ အစိုးရ တာဝန်ရှိသူ တချို့ကိုယ်တိုင် အဲလို အကြမ်းဖက်မှုတွေ လုပ်နေတာ တွေ့ရ တယ်လို့ ရခိုင်ပါတီ ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။ ဒီ ပြဿနာသာ ပေါ်ပေါက် လာရင် ရွေးကောက်ပွဲကို အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်ပါတယ်။ ဒီလို ပြဿနာ မပေါ်ပေါက်ဖို့ဆိုရင် အမုန်းတရား ဖြန့်ဖြူးနေတာတွေကို တားဆီးဖို့၊ မမှန်သတင်းနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို အရေးယူဖို့၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ နိုင်ငံရေး ကိစ္စတွေမှာ ဝင်မပါဖို့ တားမြစ်ဖို့ လိုပါလိမ့်မယ်။ ဒီကိစ္စ အာဏာပိုင်တွေနဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေကသာ တတ်နိုင်မယ့် ကိစ္စမျိုးသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags